spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းငလျင်ဒဏ်သင့်နေချိန် ဆက်သွယ်ရေးလိုင်းများ ပြန်ဖွင့်ပေးရန် ဒီဂျစ်တယ်အခွင့်အရေးလှုပ်ရှားနေသည့်အဖွဲ့ပေါင်း ၁၀၀ ကျော်မှ တောင်းဆို

    ငလျင်ဒဏ်သင့်နေချိန် ဆက်သွယ်ရေးလိုင်းများ ပြန်ဖွင့်ပေးရန် ဒီဂျစ်တယ်အခွင့်အရေးလှုပ်ရှားနေသည့်အဖွဲ့ပေါင်း ၁၀၀ ကျော်မှ တောင်းဆို

    -

    ငလျင်‌ဒဏ်‌ကြောင့် အရေးပေါ်အကူအညီများ အရေးတကြီးလိုအပ်နေချိန်တွင် ပြည်သူတို့၏ အသက်အန္တရာယ်ကို လျစ်လျူရှု့ကာ စစ်ကောင်စီမှ အင်တာနက်ဝန်ဆောင်မှုများ ပိတ်ဆို့ကန့်သတ်ခြင်းတို့ကို ခြွင်းချက်မရှိ ပြန်လည်ဖွင့်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

    မတ်လ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅၁ မိနစ်တွင် အင်အားရစ်(ခ်)တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့ပြီး၊ မြန်မာ နိုင်ငံတဝှမ်းလုံးရှိ မြို့နယ်အများစုတွင် လျှပ်စစ်မီးပြတ်တောက်မှု၊ ဖုန်းခေါ်ဆိုမှုအခက်အခဲများကို ယနေ့တိုင် ရင်ဆိုင်နေရဆဲဖြစ်သည်။

    ထို့အပြင် မတ်လ(၂၉)ရက်နေ့တွင် ငလျင်ဒဏ်ခံစားခဲ့ရသည့် မြန်မာနှင့်ထိုင်းနိုင်ငံတို့အတွက် ဆက်သွယ်ရေးလိုအပ်ချက်နှင့်ကယ်ဆယ် ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန် Starlink kits များကို ပြင်ဆင်ထားကြောင်း Starlink က ယင်း၏ x(twitter) ပို့စ်တွင် ရေးသားခဲ့သော်လည်း စစ်ကောင်စီဘက်မှ မည်သည့်တုန့်ပြန်မှုမှ လုပ်ဆောင်ခြင်း မပြုသည်ကိုလည်း သိရသည်။

    ငလျင်ဒဏ်အတွင်း စစ်ကောင်စီမှ အင်တာနက်ဆက်လက်ပိတ်ထားမှုသည် အကြပ်အတည်းကာလကို ပိုမိုဆိုးရွား‌စေပြီး သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေး၊ ကူညီဆောင်ရွက်ရေးလုပ်ငန်းစဉ်များအပြင်း အကူအညီတောင်းခံမှုကိုလည်း ထိခိုက်စေကြောင်း မြန်မာအင်တာနက်ပရောဂျက်(MIP)မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    “ဘေးအန္တရာယ်ကြုံတွေ့နေသူတွေရဲ့ သေရေးရှင်ရေးအတွက် ဆက်သွယ်ရေးဟာ အလွန်အရေးကြီးနေချိန်ဖြစ်ပါတယ်။ ဒါကြောင့် ဆက်သွယ်ရေးမရခြင်း၊ ဖြတ်တောက်ခြင်းဟာ အသက်အန္တရာယ်ကို တိုက်ရိုက်ထိပါး ခြိမ်းခြောက်နေပါတယ်” ဟု မြန်မာအင်တာနက်ပရောဂျက်(MIP)မှ မီဒီယာတာဝန်ခံ ဦးဟန် ကပြောသည်။

    အလားတူ ငလျင်ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း ဆက်သွယ်ရေးတာဝါတိုင်များ၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံများ၊ ဓာတ်တိုင်များပျက်စီခဲ့သည်ဟု ဖော်ပြချက်များတွေ့ရသော်လည်း “Mobile Operator” များအနေဖြင့် ဖုန်းလိုင်းများ ဆက်သွယ်ရခက်ခဲနေသည့်အခြေအနေနှင့် ပတ်သက်သည့်အခြေအနေများကို အများပြည်သူများသို့ ရှင်းလင်းစွာ ထုတ်ပြန်ပြောကြားမှုများမရှိသေးပေ။

    ထို့ကြောင့် မိုဘိုင်းအော်ပရေတာတို့ တာဝန်ယူတာဝန်ခံမှု ပွင့်လင်းမြင်သာစွာရှိရန် လိုအပ်ကြောင်း အထက်ပါတာယူရှိသူက ဆက်ပြောသည်။

    "အခြေအနေမှန် ပံ့ပိုးပေးနိုင်မှု၊ ကူညီပေးနိုင်မှုတွေကို တာဝန်ယူပြီး တာဝန်ခံပေးရမှာဖြစ်ပါတယ်။ ဆက်သွယ်ရေးခက်ခဲတာ ဒါမှမဟုတ် မရတာကြောင့် သေဆုံးမှုတွေ များလာမယ်ဆိုရင် ဒီတာဝန်နဲ့ သူတို့နဲ့ တိုက်ရိုက်ဆိုင်တဲ့ တာဝန်ဖြစ်ပါတယ်"

    ပြည်သူတို့အနေဖြင့်လည်း လက်ရှိကာလတွင် လွတ်လပ်သောသတင်းမီဒီယာများမှ သတင်းအချက်အလက်နှင့် ရေဒီယိုသတင်းထုတ်လွှင့်မှုကို ပိုမိုစောင့်ကြည့်နားထောင်ရန်လိုအပ်ပြီး သတင်းအတု သတင်းအမှားများကို မျှဝေလက်ခံခြင်းမပြုရန် တိုက်တွန်းထားသေးသည်။

    မြေငလျင်ဒဏ်ကို စစ်ကိုင်း၊ မန္တလေး နှင့် နေပြည်တော်မြို့များတွင် အဆိုးဝါးဆုံးခံစားရပြီး၊ မြို့နယ်ပေါင်း (၆၇) မြို့နယ်ခန့်က ငလျင်ဒဏ်ခံစားခဲ့ရပြီး ဧပြီလ (၁) ရက်နေ့ ၊ နေ့လည်အထိ စုစုပေါင်း သေဆုံးသူ (၃,၆၄၃) ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၄,၅၇၅) ဦး နှင့် ပျောက်ဆုံးနေသူ (၇၀၅) ဦးရှိပြီး မြေပြင်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေဆဲဖြစ်သည်။

    ထို့ကြောင့် လက်ရှိအချိန်၌ အပျက်အစီးများအကြား ပိတ်မိနေသော အသက်ရှင် ကျန်ရစ်သူများကို ကယ်ဆယ်နိုင်ရေးနှင့် ငလျင်ဒဏ်ခံစားရသည့် နေရာများရှိ အများပြည်သူအတွက် အရေးပေါ် ကယ်ဆယ်ရေးအကူအညီများ အမြန်ဆုံးလိုအပ်လျက်ရှိသည်။

    လက်ရှိတွင်လည်း အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သည့်ဒေသများတွင် အင်တာနက်လိုင်း၊ ဖုန်းလိုင်း အခက်အခဲကြောင့် သတင်းစီးဆင်းမှု ကန့်သတ်ချက်များဖြစ်ပေါ်နေချိန်တွင်လည်း စစ်ကောင်စီက ၎င်းတို့၏ ပိတ်ပင်ကန့်သတ်ချက်များကို ဖယ်ရှားပေးခြင်း မရှိခဲ့ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks