Wednesday, March 18, 2026
More
    spot_img
    Homeသတင်းငလျင်ဒဏ်ကြောင့် မန္တလေးအိုးဘိုထောင်တွင် သေဆုံးသူ ၁၂ ဦးရှိဟု PPNM ထုတ်ပြန်

    ငလျင်ဒဏ်ကြောင့် မန္တလေးအိုးဘိုထောင်တွင် သေဆုံးသူ ၁၂ ဦးရှိဟု PPNM ထုတ်ပြန်

    -

    ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေး အိုးဘိုအကျဉ်းထောင်တွင် သေဆုံးသူ စုစုပေါင်း ၁၂ ဦးအထိရှိပြီး ၁၀ ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။

    ငလျင်ကြောင့် အိုးဘိုထောင်တွင်းရှိ အမျိုးသားဆောင် အလုပ်ရုံပြိုကျပြီး အမျိုးသား ၁ ဦး သေဆုံးကာ တစ်ဦး ပြင်းထန်ဒဏ်ရာရရှိသည့်အပြင် အမျိုးသမီးအဆောင် (၁)၊ (၂) ပြိုကျမှုတွင် အမျိုးသမီး အနည်းဆုံး ၂ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု ဆိုသည်။

    PPNM မှ အတည်ပြုနေသည့် သေဆုံးသူစာရင်းများသည် အကျဉ်းသား၊ ဝန်ထမ်းဖြစ်ခြင်းကို သီးခြားခွဲယူကောက်ယူနိုင်ခြင်း မရှိသေးသော်လည်း အတည်ပြုထားနိုင်သူ ၄ ဦးတွင် အမျိုးသား ၁ ဦး၊ အမျိုးသမီး ၂ ဦးနှင့် ကျား/မ သေချာအတည်ပြုရန် လိုအပ်သူ ၁ ဦး ပါဝင်သည်။

    ထပ်မံအတည်ပြုနေဆဲ သေဆုံးသူ ၈ ဦးအပါအဝင် ငလျင်ကြောင့် အိုးဘိုထောင်တွင် သေဆုံးသူ ၁၂ ဦးအထိ ရှိသည်ဟု PPNM က ထုတ်ပြန်ထားသည်။

    ငလျင်ဘေးသင့်ခဲ့သည့် အကျဉ်းထောင်များတွင် သေဆုံးမှုများ ရှိနေသည်ဟု သိထားသော်လည်း သတင်းအမှောင်ချထားသည့်အတွက် သေဆုံးမှုအရေအတွက်နှင့် ကျား/မ အချက်အလက်များကို တိတိကျကျ မပြောနိုင်သေးကြောင်း PPNM ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “အကျဉ်းထောင်တွေ ပြိုကျပျက်စီးတာ ရှိတယ်ခင်ဗျ။ ဒါပေမဲ့ လက်ရှိအခြေအနေထိကတော့ ကျနော်တို့အနေနဲ့ အချက်အလက်အတိအကျရဖို့ကတော့ တော်တော်လေးခက်ခဲနေတယ်။ သတင်းအမှောင်တွေချထားတဲ့ အခြေအနေမျိုးမှာ သေဆုံးမှုတွေ ရှိတယ်လို့ ကျနော်တို့ သိထားပေမဲ့ ကျား၊မ အမျိုးအစားနဲ့ သေဆုံးတဲ့သူတွေက အကျဉ်းသားတွေလား၊ ဝန်ထမ်းတွေလားဆိုတာကို ကျနော်တို့အချက်အလက် တိတိကျကျရဖို့ ခဲယဉ်းနေဆဲပါပဲဗျ” ဟု ပြောသည်။

    ငလျင်ဒဏ်ကြောင့် အကျဉ်းသားထိခိုက်သေဆုံးမှုရှိပါက မိသားစုဝင်များအနေဖြင့် PPNM သို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း၊ PPNM အနေဖြင့်လည်း တတ်စွမ်းသမျှ ကူညီထောက်ပံ့မှုများ ပေးနိုင်ရန် ကြိုးစားဆောင်ရွက်သွားမည်ဟု ကိုသိုက်ထွန်းဦးက ဆက်ပြောသည်။

    “မိသားစုဝင်တွေအနေနဲ့ သားသမီးတွေနဲ့ အဆက်အသွယ်ရတဲ့အခါမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးတာ ရှိတဲ့အခါမှာ ကျနော်တို့ကို အကူအညီတောင်းခံနိုင်တယ်။ ကျနော်တို့ကို လာပြီး တော့ ဆက်သွယ်ချင်းအားဖြင့်လည်း ထိခိုက်ဒဏ်ရာရသူအရေအတွက်ကိုလည်း ကျနော်တို့ တိတိကျကျ စရင်းကောက်နိုင်မှာပါ” ဟု ဆိုသည်။

    ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့ နေလယ်ပိုင်းအချိန်က မြန်မာပြည်အလယ်ပိုင်း၊ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး ပြင်းအား ရေချ်တာစကေး ၇ ဒဿမ ၇ အဆင့်ရှိ ငလျင်ကြီးလှုပ်ခတ်ခဲ့ရာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်အပါဝင် ဒေသခြောက်ခုတွင် ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရသည်။

    ငလျင်ဒဏ်ကြောင့် နိုင်ငံတစ်ဝန်းတွင် သေဆုံးသူ ၂၀၀၀ ကျော်ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၄၀၀၀ နီးပါးရှိကြောင်း စစ်ကောင်စီက မတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks