ငလျင်ဘေးသင့်ခဲ့သည့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်၊ ရှမ်းပြည်နယ်တောင်ပိုင်းဒေသများတွင် မိမိကိုယ်ကို ခုခံကာကွယ်စစ်မှတပါး ထိုးစစ်အားလုံးကို မနက်ဖြန်မှစတင်ပြီး နှစ်ပတ်ကြာရပ်နားထားမည်ဟု ယနေ့ (မတ် ၂၉) ၌ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာလိုက်သည်။
အဆိုပါ ထုတ်ပြန်ကြေညာချက်အရ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော အိမ်၊ အဆောက် အဦနှင့် လုပ်ငန်းခွင်များတွင် ပိတ်မိနေသည့် ပြည်သူများကို အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ထိုးစစ်အားလုံးကို နှစ်ပတ်ကြာရပ်နားရခြင်းဖြစ်ဟု ဆိုသည်။
ငလျင်ဘေးသင့်ပြည်သူများအတွက် လိုအပ်နေသည့် အရေးပေါ်ကယ်ဆယ်ရေးနှင့် ကုသရေး လုပ်ငန်းများ အမြန်ဆုံးကူညီဆောင်ရွက်ပေးနိုင်ရန် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ ကူညီ ကယ်ဆယ်ရေးအဖွဲ့များကို ဖိတ်ခေါ်ထားပြီး NUG အနေဖြင့် အမေရိကန်ဒေါ်လာ ၁ သန်း ကနဦး လျာထားသုံးစွဲသွားမည်ဟု ဖော်ပြထားသည်။
