spot_img
Monday, March 31, 2025
More
    spot_img
    HomeVox Pop၂၀၂၅ မွန်အမျိုးသားကွန်ဖရင့်အပေါ် ပြည်သူတို့၏ စကားသံ

    ၂၀၂၅ မွန်အမျိုးသားကွန်ဖရင့်အပေါ် ပြည်သူတို့၏ စကားသံ

    -

    မွန်ပြည်သစ်ပါတီက ဦးစီးကျင်းပမည့် ၂၀၂၅ ခုနှစ် မွန်အမျိုးသားကွန်ဖရင့်ကို လာမည့် ဧပြီလ ၂ ရက်မှ ၅ ရက်နေ့အထိ မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်ရှိ ရာမညနိကာယ ဓာတုမာလာ မွန်ပရိယတ္တိကျောင်းတိုက်၌ ပြုလုပ်သွားမည်ဖြစ်သည်။

    အဆိုပါကွန်ဖရင့်တွင် မွန်အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရန်၊ ရေးဆွဲထားသည့် ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူနှင့် ဖက်ဒရယ်ပြည်ထောင်စုနှင့်ကိုက်ညီသော ရာမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ တို့ကို ပြန်လည်ဆွေးနွေးသုံးသပ်သွားမည် ဖြစ်ပြီး မွန်အမျိုးသားရေးရာနှင့် သက်ဆိုသည့် အကြောင်းအရာများကို ထည့်သွင်းဆွေးနွေးသွားမည်။

    မွန်အမျိုးသားကွန်ဖရင့်ကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေအတွင်းသာ ကျင်းပလေ့ရှိပြီး ၂၀၁၃ ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က မွန်အမျိုးသားရေးရာအဖွဲ့ MAU ဦးစီး၍ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ တစ်ကြိမ်ကျင်းပခဲ့သည်။

    သို့သော် လက်ရှိနိုင်ငံရေးအရ မွန်အမျိုးသားကွန်ဖရင့်ကို မော်လမြိုင်မြို့၌ ကျင်းပမည့်အပေါ် မွန်လူထုကြား အမြင်ကွဲများဖြစ်ပေါ်နေပြီး မွန်လူမျိုးအာားလုံး ပါဝင်ခွင့်နှင့် လွတ်လွတ်လပ်လပ် ဆွေးနွေးအဖြေရှာမည့်အခွင့်အရေးတို့ ဆုံးရှုံးသွားနိုင်ကြောင်း ပြောဆိုလျှက်ရှိသည်။

    ထို့ကြောင့် ၂၀၂၅ ခုနှစ်၌ ကျင်းပမည့် မွန်အမျိုးသားကွန်ဖရင့်အပေါ် ပြည်သူများ၏ စကားသံနှင့် ဝေဖန်သုံးသပ်ချက်များကို စုစည်းတင်ထားသည်။

    ကျိုက်မရောမှ မွန်ဒေသခံတစ်ဦး

    “ဒီအချိန်မှာ ဆွေးနွေးရေးလမ်းစဥ်ထက် လက်နက်ကိုင်တာကိုပဲ ပိုဦးစားပေးရမယ်။ပြောရရင် ဒီအချိန်က နိုင်ငံရေးနဲ့ အနိုင်ယူရမဲ့ အချိန်မဟုတ်ဘူး လက်နက်ကိုင်ပြီး တိုက်ယူလို့ပဲ ရမယ်လို့ ကျွန်တော်မြင်တယ်။ ခုက အစည်းအဝေးက မော်လမြိုင်မှာလုပ်ရင် ဘက်ပေါင်းစုံမွန်ပြည်သူတွေ ဘယ်တတ်နိုင်တော့မလဲ၊ စစ်ကောင်စီရှိနေတဲ့ နယ်မြေထဲမှာ လွတ်လွတ်လပ်လပ် ကိုယ့်လူမျိုးအတွက် ဘယ်ဆွေးနွေးနိုင်တော့မလဲ။ ဒီအခြေအနေမှာ ဆွေးနွေးနိုင်တာက ရွေးကောက်ပွဲအတွက်ပဲရှိတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲက ပြည်သူလူထုအများစုက မလိုလာဘူးလေ။ ပြီးရင် စစ်ရေးအတွက်လဲ မဆွေးနွေးနိုင်ဘူး။ ခုချိန်မှာ ကြည့်လိုက် တစ်နိုင်ငံလုံးမှာ နိုင်ထက်စီးနင်းခံနေရတယ်၊ လမ်းမှာ စစ်ကောင်စီက အခွင့်ကောင်းယူပြီး ပိုက်ဆံတွေတောင်းမယ် မတော်ရင်ဖမ်းမယ်၊ ဒါတွေကို ပြည်သူတွေခံစားနေရတယ်။ ခုချိန်မှာ ကျွန်တော်တို့ လိုင်းလဲမရ မီးလဲမရနီးနီးပဲ။ ဆေးရုံသွားရင်လဲ ပိုက်ဆံအများကြီးပေးပြီးမှ ဆေးကုနိုင်မယ်။ ဒီလိုအုပ်ချုပ်မှုအောက်မှာ ပြည်သူတွေ မလိုလာဘူးလေ။ ကျွန်တော်ပြောချင်တာက ခုအချိန်မှာ ကျွန်တော်တို့ပြည်သူတွေက ရွေးကောက်ပွဲ၊ စစ်ကောင်စီနဲ့ဆွေးနွေးပွဲအကြောင်းတွေထက် လက်နက်ကိုင်အကြောင်း ပိုပြောချင်ကြတယ်။ ဒီကွန်ဖရင့်ကလဲ မော်လမြိုင်မှာလုပ်တော့ ဘာကိုဆွေးနွေးနိုင်တော့မလဲ။”

    မွန်လူငယ်တစ်ဦး

    “ဒီကွန်ဖရင့်က တို့မွန်ပြည်သူလူထုအတွက် အရမ်းအရေးကြီးတယ်။ ဘာလို့ဆို အခုချိန်မှာ သဘောထားကွဲလွဲမှုများနေတယ်။ ဆိုတော့ ဒီသဘောထားကွဲလွဲမှုတွေကို ဒီကွန်ဖရင့်မှာ ဆွေးနွေးသွားရမယ်။ ပြီရင်း ကိုယ်လူမျိုးအားလုံးအတွက် ညီညွှတ်ရေးတည်ဆောက်သွားဖို့ရယ်၊ အခြားတိုင်းရင်းသားတွေနဲ့ ပူပေါင်းပြီး နိုင်ငံရေးဘယ်လိုဗျူဟာ ဘယ်လိုနည်းလမ်းအသုံးချရမလဲရယ်၊ ဒီနိုင်ငံရေးအတွက် ဆွေးနွေးနိုင်ဖို့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဖြစ်ဖြစ် တမျိုးသားလုံးညီလာခံဖြစ်ဖြစ် အထက်ကအုပ်ချုပ်သူတွေဖြစ်ဖြစ် တိုင်းရင်းသားအဖွဲ့အစည်းတွေဖြစ်ဖြစ် ဘယ်အချက်က သူတို့ကို တင်ပြရမလဲဆိုတာကို ဆွေးနွေးသင့်တယ်။ ပြီးရင် နယ်မြေနဲ့ဆိုင်တာတွေ၊ လူမျိုးရေးတွေ၊ စာပေယဥ်ကျေးမှုတွေ ရွေးကောက်ပွဲကအစ စတဲ့အကြေင်းအရာတွေကို ဒီကွန်ဖရင့်ကို တက်ရောက်လာတဲ့ မွန်ပြည်သူလူထုတို့ရဲ့ အမြင်တွေ သဘောထားတွေ ဘယ်လိုရှိလဲ။ ဘယ်လိုဆုံးဖြတ်နိုင်မလဲ ဒါတွေကို မျှော်လင့်တယ်”

    မော်လမြိုင်မြို့ပေါ်နေ မွန်ဒေသခံတစ်ဦး

    “မော်လမြိုင်မှာ ကျင်းပတာက အသစ်အဆန်းလဲ မဟုတ်ပါဘူး။ ဒီမွန်အမျိုးသားကွန်ဖရင့်က ၂၀၁၃ ခုနှစ်မှာလဲ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမမှာ တစ်ကြိမ် ကျင်းပထားခဲ့ပြီးပြီး။ ပြီးခဲ့သည့် နှစ်တွေမှာဆို အဖွဲ့အစည်းဘက်ပေါင်းစုံကနေတက်ရောက်နိုင်ဖို့ လွတ်လပ်စွာ ဆွေးနွေးနိုင်ဖို့အတွက် ရည်ရွယ်ပြီး လွတ်မြောက်နယ်မြေတွေမှာ ကျင်းပခဲ့တာလည်းရှိတယ်၊ အခြေအနေတွေအရ မြို့တွေမှာ ကျင်းပခဲ့တာလည်းရှိတယ်။ ဒါပေမဲ့ ဒီနှစ်မော်လမြိုင်မှာ လုပ်ရတာက နိုင်ငံရေးလဲ မတည်ငြိမ်ဘူး အကြပ်အတည်းတွေလဲ ကြုံတွေ့နေရတာများတဲ့အတွက်ကြောင့် ဒီလိုလုပ်ရတယ်။ ပြီးရင် ဘက်ပေါင်းစုံက မွန်ပြည်သူတွေ ပါဖို့အတွက် လွတ်မြောက်နယ်မြေသွားလုပ်ဖို့လဲ ခက်ခဲတယ်။ ဘာလို့လဲဆိုတာ လွတ်မြောက်နယ်မြေတွေမှာ လက်နက်ကိုင်အဖွဲ့တွေ တော်တော်များများရှိနေတယ်၊ မွန်လက်နက်ကိုင်တစ်ခုတည်လဲ မဟုတ်ဘူး။ ဆိုတော့ အဲဒီအခြေအနေကိုလဲ ကြည့်ရတယ်။ ဥပမာ- မြန်မာနိုင်ငံမှာ စစ်အဏာသိမ်းလိုက်တယ် နိုင်ငံရေးလဲ မကောင်းဘူး၊ ဒီဖြစ်ပျက်နေတာတောင်မှ စစ်အဏာရှင်ကို မတော်လှန်ပဲနဲ့ ကိုယ့်လူမျိုးအတွက်ပဲလုပ်နေတယ်ဆိုပြီးတော့ တခြားလက်နက်ကိုင်အဖွဲ့တွေ အဲဒီလိုမြင်နေတယ်။ ဒီလိုအခြေအနေကြောင့်ပဲ မော်လမြိုင်မှ လုပ်ရတယ်။ ဒီက ဖြစ်ထိုက်ပါတယ်လို့ ကျွန်တော်မြင်တယ်”

    ရေးမြို့ မွန်အမျိုးသားရေး လှုပ်ရှားနေသူတစ်ဦး

    “ဒီမော်လမြိုင်မှာလုပ်မယ်ဆိုရင် အစိုးရနယ်မြေဖြစ်နေတော့ ကျွန်တော်တို့ပြောချင်တာတွေ လိုချင်တာတွေ မပြောနိုင်ဘူးလို့ ကျွန်တော်မြင်တယ်။ အကုန်လုံးကို ဖွင့်ထုတ်ပြောဆိုလို့ မရဘူးပေါ့နော်။ လွတ်မြောက်နယ်မြေတွေမှာဆိုရင် စုစုလုံးလုံး တင်ပြပြီး လူမျိုးရေးအတွက် ဆွေးနွေးနိုင်မယ်ပေါ့နော်။ ဒါပေမဲ့ ဒီမြို့ပေါ်မှာ ဖြစ်နေတော့ စုစုလုံးလုံးမဖြစ်ဘူး။ တင်ပြမှုတွေ ဆွေးနွေးမှုတွေလဲ မထိရောက်နိုင်ဘူးလို့ မြင်တယ်။ ဒီမြို့ပေါ်မှာဆိုရင် ကျွန်တော်တို့ လူမျိုးအရေးအတွက် ဒီအစည်းအဝေးမှာ ဆွေးနွေးတင်ပြဖို့အခွင့်အရေးက ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိတော့မယ်ထင်တယ်။ ဖြစ်နိုင်ရင် ကျွန်တော်တို့လူမျိုးအရေးအတွက် ၉၅ ရာခိုင်နှုန်းလောက် ဆွေးနွေးတင်ပြချင်တယ်။ ဒီအစည်းအဝေးအပေါ် ကျွန်တော်တို့မျော်လင့်တာက ပြည်သူတွေမနစ်နာဖို့ မထိခိုက်ဖို့ လွတ်လပ်စွာနေထိုင်နိုင်ဖို့ ဒါတွေ ဆွေးနွေးနိုင်ရမယ်။ ပြီးရင် ကိုယ့်လူမျိုးအုပ်ချုပ်ခွင့်တွေလဲ လွတ်လွတ်လပ်လပ်ရှိချင်တယ်ပေါ့နော် ဒါကိုလဲ စုစည်းပြီ ဆွေးနွေးသင့်တယ်”

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,700SubscribersSubscribe
    spot_img

    Latest posts