နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲက ရေရှည်ငြိမ်းချမ်းရေးအတွက် အထောက်အကူဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ (NMSP) မှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေးက ပြောသည်။
စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ (NSPNC) က ဦးဆောင်၍ အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်အထိ နေပြည်တော်တွင် ကျင်းပခဲ့သည်။
နိုင်အောင်မငေးက “၃ ရက်တာ ဆွေးနွေးချက်အပေါ်မှာ ပြန်သုံးသပ်လိုက်မယ်ဆိုရင် အများကြီးတော့ အထောက်အကူ ဖြစ်တာပေါ့လေ။ ဘာလို့ဆို ရှေ့ဆက်မှာ ကျနော်တို့က ငြိမ်းချမ်းရေးအတွက် ရေရှည်ငြိမ်းချမ်းရေး တည်တံ့ဖို့အတွက် ကျနော်တို့အတွက် အထောက်အကူ အများကြီးဖြစ်တယ်။ တစ်ခုရှိတာက ကျနော်တို့ ဒီဆိုက်မှာပေါ့နော် ငြိမ်းချမ်းရေးရယ်၊ တည်ငြိမ်ရေးရယ်။ နောက်တစ်ခုက ဖွံ့ဖြိုးရေးလား တစ်ခုနဲ့ တစ်ခုက ဆက်စပ်နေတာလေ။ ဒါကြောင့်မို့ ကျနော်တို့ ဘယ်လိုပဲဖြစ်ဖြစ် ၃ ရက်တာ လာတက်တဲ့အတွက်ကြောင့် ကျနော်တို့အပေါ်မှာ အများကြီး အထောက်အကူ ဖြစ်တယ်” ဟု ပြောသည်။
တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေး အခြေအနေများ၊ လုံခြုံရေး အခြေအနေများလည်း ဆွေးနွေးခဲ့သည်ဟု သိရသည်။

တစ်ဖက်တွင်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေသည့် အခြေအနေမျိုးတွင် ယခုကဲ့သို့ ငြိမ်းချမ်းရေး ကိစ္စရပ်များ၊ ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်မှုများသည် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်မည့် လုပ်ရပ်များဖြစ်သည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။
ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်ရခဲ့ကြောင်း ဆွေးနွေးပွဲမှတဆင့် အကောင်အထည်ဖော်နိုင်မှုများ လုပ်ဆောင်နိုင်လေ ကောင်းလေဟု ယုံကြည်ကြောင်း ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ စောစိန်ဝင်းက ပြောသည်။
“ကျနော်တို့အနေနဲ့ အဓိကပါဝင်ဆွေးနွေးတာလေးတွေ လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးအတွက်က အဓိက ယုံကြည်မှုတည်ဆောက်ရင်းနဲ့ တွေ့ဆုံဆွေးနွေး အားလုံးပါဝင်တဲ့ အခင်းအကျင်းတစ်ခုကို သွားသင့်တယ်လို့ ကျနော်တို့ ပါဝင်ဆွေးနွေးခဲ့တာ အခုမှ စတင်ဖြစ်ပေါ်လာတဲ့ အခင်းအကျင်းမျိုးမှာ ဒီမှာ အမြင်သဘောထားတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်ရခဲ့တယ်။ ဆွေးနွေးပွဲ အခင်းအကျင်းကနေ တဆင့် တာဝန်ရှိ လူကြီးတွေက ရှေ့ဆက်ပြီးတော့ ဒီအပေါ်မှာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ် ဒီဆွေးနွေးဝိုင်းတွေ များများလုပ်နိုင်လေ ပိုကောင်းလေဖြစ်မယ်လို့ ယုံကြည်တယ်” ဟု ပြောသည်။
လက်ရှိဖြစ်ပေါ်နေသော စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုတို့၏ လက်နက်ကိုင်တိုက်ပွဲအတွင်း စစ်ကောင်စီက အဘက်ဘက်က အရေးနိမ့်လျက်ရှိနေသည်။
တစ်ဖက်မှာလည်း စစ်ကောင်စီက အရပ်သားများကို ပစ်မှတ်ထား၍ နေ့စဉ်နှင့်အမျှ လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်နေပြီး အရပ်သားထိခိုက်သေဆုံးမှုလည်း နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည်။