Wednesday, March 18, 2026
More
    spot_img
    Homeသတင်းခလယ်ဒေး စစ်ကောင်စီတပ်စခန်းကို KNLA သိမ်းပိုက်

    ခလယ်ဒေး စစ်ကောင်စီတပ်စခန်းကို KNLA သိမ်းပိုက်

    -

    ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေအတွင်း ဝင်ရောက်ကျူးကျော်တပ်စွဲထားသည့် စစ်ကောင်စီ ခလယ်ဒေးစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့ မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။

    ခလယ်ဒေး စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ၂၂ ရက်နေ့မှ စတင်ကာ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး မတ်လ ၂၅ ရက်နေ့တွင် အပြီးပိုင် သိမ်းပိုက်နိုင်ခဲ့သည်။

    ခလယ်ဒေးစခန်း မကျရေးကို စစ်ကောင်စီတပ်ဘက်က ဂျက်ဖိုက်တာများပါအသုံးပြုပြီး ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း KNLA ဘက်က အဆက်မပြတ် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဆက်လက်တောင့်ခံနိုင်ခြင်းမရှိတော့ဘဲ မတ်လ ၂၅ ရက်နေ့တွင် စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားများက ၎င်းတို့၏ လက်နက်ခဲယမ်းများကို မီးရှို့ဖျက်ဆီးကာ စခန်းအား စွန့်ခွာ ထွက်ပြေးခဲ့ကြသည်ဟု ဆိုသည်။

    လက်ရှိတွင် ခလယ်ဒေး စစ်ကောင်စီတပ်စခန်းကို KNLA က နယ်မြေ ရှင်းလင်းမှု လုပ်ဆောင်နေသည်ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။

    ခလယ်ဒေးစခန်း ရှင်းလင်းစဉ်အတွင်း စစ်ကောင်စီတပ်သား နှစ်ဦး၏ အလောင်းအား တွေ့ရှိခဲ့ပြီး စခန်းအတွင်းမှ လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

    ခလယ်ဒေး စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၇) လုံခြုံရေးစစ်ကြောင်း၊ တပ်ရင်း (၁၉)၊ တပ်ရင်း (၂၁)၊ တပ်ရင်း (၂၂) နှင့် တပ်ရင်း (၂၄) တို့က ပူးပေါင်းသိမ်းပိုက်ခဲ့သည်။

    ခလယ်ဒေး စစ်ကောင်စီတပ်စခန်းသည် ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့က ထိုင်း−မြန်မာနယ်စပ်ဒေသ ထိန်းချုပ်ရေး ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့သော စခန်းတစ်ခုဖြစ်ကြောင်း၊ စခန်း စတင်တည်ဆောက်ခဲ့သည့် အချိန်မှစပြီး ဒေသခံပြည်သူလူထုများ လွတ်လပ်စွာ လှုပ်ရှား သွားလာ နေထိုင် လုပ်ကိုင်စားသောက်ခွင့် ကန့်သတ်ခံခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks