spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းနေရပ်ပြန်ရန် စစ်ကောင်စီမှ ဆက်တိုက်ဖိတ်ခေါ်နေ

    နေရပ်ပြန်ရန် စစ်ကောင်စီမှ ဆက်တိုက်ဖိတ်ခေါ်နေ

    -

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOs တို့ ထိန်းချုပ်ထားသည့်ဒေသနှင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံသို့ သွားရောက်တိမ်းရှောင်ရောက်ရှိနေသူတို့ မိမိနေရပ်သို့ ပြန်လာကြရန် စစ်ကောင်စီမှ ယခု ၂၀၂၅ ခုနှစ်တွင် ဆက်တိုက်ဖိတ်ခေါ်နေကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။

    စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း ကျောင်းသားကျောင်းသူများ၊ လူငယ်လူရွယ်များ၊ နိုင်ငံ့ဝန်ထမ်းနှင့် နိုင်ငံသားများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနယ်မြေနှင့် ပြည်ပနိုင်ငံသို့ စိုးရိမ်စိတ်ဖြင့် တိမ်းရှောင်သွားကြရသည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

    အဆိုပါ ပြည်ပနှင့် တိုင်းရင်းသားလက်နက်ကိုင်ဒေသအတွင်းတို့ ရောက်ရှိနေသူတို့သည် လုံခြုံရေး အာမခံချက် မရှိမှု၊ လူမှုစီးပွားဘဝ အဆင်မပြေမှုတို့နှင့် ရင်ဆိုင်နေကြရသည်ကို ကြားသိရသဖြင့် နေရပ်ပြန်ရန် ပြီးခဲ့သည့် ဇန်နဝါရီ ၃ ရက်နေ့တွင်လည်း စစ်ကောင်စီမှ ဖိတ်ခေါ်ခဲ့သေးကြောင်း သိရသည်။

    အာဏာသိမ်းထားသည့်ကာလတစ်လျှောက် တစ်နှစ်တစ်ကြိမ် နေရပ်ပြန်ရန် ဖိတ်ခေါ်ရာမှ ယခု ၂၀၂၅ ခုနှစ်အတွင်း ပြည်သူတို့ကို  နေရပ်ပြန်ရန် ဆက်တိုက် ဖိတ်ခေါ်နေသဖြင့်  လက်ရှိ စစ်ကောင်စီတို့ကြိုးပမ်းအကောင်ထည်ဖော်နေသည့် ရွေးကောက်ပွဲအတွက် လူစုဆောင်းမှုဖြစ်နိုင်ကြောင်းလည်း ပြည်ပရောက် CDM ဝန်ထမ်းတစ်ဦးက ဆိုသည်။

    "ဒီလိုမျိုးပြန်ခေါ်နေတာက ရွေးကောက်ပွဲအတွက် လူစုတာလည်းဖြစ်ချင်ဖြစ်မယ်။ သူတို့တကယ်စုရင် လည်း စုတာလောက်ပဲရှိမယ်။ ဘယ်သူမှလည်းပြန်သွားမှာမဟုတ်ဘူး။ ပြီးတော့လေ အဲ့ရွေးကောက်ပွဲကို ဘယ်သူမှလည်းစိတ်မဝင်စားကြဘူး။ သူတို့ရဲ့ရွေးကောက်ပွဲကို ဘယ်သူမှလည်းလက်မခံဘူး။ အဲ့ဒီအတွက်ကြောင့်နဲ့တော့ ဘယ်သူမှလည်းပြန်မှာမဟုတ်ဘူး” ဟု ပြောသည်။

    သို့သော် နေရပ်ပြန်ရန် ဖိတ်ခေါ်ထားသူတို့အနက် နိုင်ငံရေးအပြောင်းအလဲ ကာလအတွင်း လူသတ်မှု၊ လုယက်မှု၊ မီးရှို့မှု၊ မိုင်းဖောက်ခွဲမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်တို့ကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်မှု၊ ပြည်သူ့ဝန်ထမ်းနှင့် ပြည်သူတချို့ကို အုပ်စုဖွဲ့ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ အစိုးရပိုင် အဆောက်အအုံနှင့် ပုဂ္ဂလိကပိုင် အဆောက်အအုံတို့ကို ဖျက်ဆီးမှု၊ (DCS) လှုပ်ရှားမှုတွင် ငွေကြေးအရဖြစ်စေ၊ တခြားနည်းလမ်းနဲ့ဖြစ်စေ၊ နက်ရှိုင်းစွာ ကာယကံ မြောက်ပါဝင်သူတို့ မပါဝင်ကြောင်း ဖော်ပြထားသည်။

    အဆိုပါ ပြစ်မှုကျူးလွန်သူမှလွဲပြီး အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် သူတို့အနေဖြင့် မိမိတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအရ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လိုပါက ဥပဒေအရ ဖြေလျော့ပေးခြင်းကို လုပ်ဆောင်ပေးမည်ဖြစ်ကြောင်း ဆိုသည်။

    တိမ်းရှောင်နေရသူတို့အနေဖြင့် မြန်မာနိုင်ငံကို ပြန်လည် ဝင်ရောက်လိုပါက နီးစပ်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီတို့ကို ဆက်သွယ်နိုင်သလို ပြည်ပရောက်သူ တို့အနေဖြင့် သက်ဆိုင်ရာ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးတို့ကို ဆက်သွယ်ရမည်ဖြစ်ကြောင်း သိရသည်။

    တဖက်တွင်လည်း စစ်ကောင်စီအနေဖြင့် ယခုလို မြန်မာနိုင်ငံသားတို့ကို ပြန်လည်ဝင်‌ရောက်ဖို့ ခေါ်ယူနေခြင်းသည် စစ်မှုထမ်းဥပဒေကြောင့် စစ်သားသစ်စုဆောင်းရန်အတွက်သာ ဖြစ်သည်ဟု လူ့အခွင့်အ‌ရေး တက်ကြွလှုပ်ရှားသူတို့က သုံးသပ်ပြောဆိုနေလျှက်ရှိသည်။

    လွတ်မြောက်နယ်မြေရောက် လူငယ်တစ်ဦးက ”ပြည်တွင်းကနေ လွတ်မြောက်နယ်မြေထဲကို ရောက်သွားတဲ့သူတွေ၊ ပြည်ပကိုရောက်သွားတဲ့သူတွေက လုံခြုံရေးအရ ပေါ်တာဆွဲခံရတာတွေ၊ စစ်မှုထမ်းဥပဒေထဲကို ဆွဲသွင်းခံရတာတွေ ရှိတဲ့အတွက်ကြောင့် မလုံခြုံတော့လို့ လွတ်မြောက်နယ်မြေ၊ ပြည်ပကို ထွက်ပြေးလာကြတာဖြစ်တယ်။ ဒီအခြေအနေမှာ ပြန်မယ်ဆိုရင် စကစရဲ့ မတရားစစ်မှုထမ်းဥပဒေထဲကို အတင်းဆွဲသွင်းခြင်းခံရမှာပဲ ဖြစ်တယ်”ဟု လွတ်မြောက်နယ်မြေထဲ ရောက်ရှိနေသည့်လူငယ်တစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပနိုင်ငံသို့ လူငယ်တို့ အများအပြား ထွက်ခွာခဲ့ကြရသည်ဟု သိရသည်။

    ၂၀၂၃ ခုနှစ် မတ်လတွင်လည်း နေပြည်တော်တွင် ကျင်းပခဲ့သည့် စစ်ကောင်စီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံကို ပြန်လာလိုတဲ့ ပြည်ပရောက် နိုင်ငံသား အမြောက်အမြားရှိပြီး ၎င်းတို့ပြန်လာနိုင်အောင် အစိုးရအဖွဲ့က လုပ်ဆောင်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    စစ်ကောင်စီမှ နေရာဒေသအသီး ရောက်ရှိသူတို့ကို နေရပ်ပြန်ရန်ဖိတ်ခေါ်နေသလို ပြည်ပထွက်မည့် အလုပ်သမားတို့ကိုလည်း နိုင်ငံအလိက် တစ်လလျှင် အကန့်အသန့်ဖြင့်သာ စေလွှတ်ရမည်ဟုလည်း  စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသေးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks