spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်း၂၀၂၅ ခုနှစ် မွန်အမျိုးသားကွန်ဖရင့်ကို မော်လမြိုင်မြို့တွင် ကျင်းပမည်

    ၂၀၂၅ ခုနှစ် မွန်အမျိုးသားကွန်ဖရင့်ကို မော်လမြိုင်မြို့တွင် ကျင်းပမည်

    -

    မွန်ပြည်သစ်ပါတီက ဦးစီးကျင်းပမည့် ၂၀၂၅ ခုနှစ် မွန်အမျိုးသားကွန်ဖရင့်ကို လာမည့် ဧပြီလ ၂ ရက်မှ ၅ ရက်နေ့အထိ မော်လမြိုင်မြို့၊ စျေးကြိုရပ်ကွက်ရှိ ရာမညနိကာယ ဓာတုမာလာ မွန်ပရိယတ္တိကျောင်းတိုက်၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

    အဆိုပါ ကွန်ဖရင့်တွင် မွန်ပြည်သစ်ပါတီ၊ မွန်နိုင်ငံရေးပါတီများ၊ မွန်အရပ်ဘက်အဖွဲ့အစည်းများ၊ မွန်သံဃာတော်နှင့် အခြားဖိတ်ကြားသင့်သည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များမှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၅၀ ခန့် တက်ရောက်ရန် ဖိတ်ကြားထားသည်။

    မွန်အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရန်၊ ရေးဆွဲထားသည့် ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူနှင့် ဖက်ဒရယ်ပြည်ထောင်စုနှင့်ကိုက်ညီသော ရာမညမွန်ပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ တို့ကို ပြန်လည်ဆွေးနွေးသုံးသပ်ပြီး အတည်ပြုနိုင်ရန် မွန်အမျိုးသားကွန်ဖရင့် ဖြစ်မြောက်ရေးကော်မတီမှ စီစဥ်ထားသည်။

    “ဆွေးနွေးဖို့ ပြင်ဆင်ထားတဲ့အချက်တွေကတော့ ရာမညမွန်ပြည် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ်အခြေခံမူတွေ ပါမယ်၊  နောက် မွန်အမျိုးသားရေးနဲ့ သက်ဆိုင်တဲ့ တခြား အချက် တွေလည်း ထည့်သွင်းဆွေးနွေးသွားဖို့ ရှိတယ်လို့ ကြားတယ်” ဟု ၂၀၂၅ မွန်အမျိုးသားကွန်ဖရင့် ဖြစ်မြောက်ရေးကော်မတီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မေလအတွင်းက မွန်အမျိုးသားပညာရေး ဗဟိုဌာန၊ ညီစားစခန်း၌ ကျင်းပခဲ့သော မွန်အမျိုးသားကွန်ဖရင့်၏ သဘောတူဆုံးဖြတ်ချက်အရ စုစည်းသော မွန်လူမျိုးရေးရာအဖွဲ့တရပ် ပေါ်ပေါက်ရန်နှင့် ဖက်ဒရယ်ပြည်ထောင်စု အခြေခံမူ အပါအဝင် ရာမညမွန်ပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေ သုံးသပ်ရေးဆွဲရန်အတွက်ဆိုပြီး အဖွဲ့စုံပါဝင်သည့် ကိုယ်စားလှယ်များဖြင့် ညှိနှိုင်းစေ့စပ်ရေးအဖွဲ့ ၂ ခု ဖွဲ့စည်းကာ တာဝန်များ ခွဲဝေထားခဲ့ကြောင်း သိရသည်။

    ထိုကြောင့် ယခု ကျင်းပမည့် ၂၀၂၅ မွန်အမျိုးသားကွန်ဖရင့်သည် ၂၀၂၂ မွန်အမျိုးသားကွန်ဖရင့်မှ ချမှတ်ထားသည့် လုပ်ငန်းစဥ်များကို ပြန်လည်သုံးသပ်၍ ဆွေးနွေးအတည်ပြုရန်ဖြစ်သည်။

    မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာနယ်မြေများအတွင်းသာ အများအားဖြင့် ကျင်းပလေ့ရှိသည့် မွန်အမျိုးသားကွန်ဖရင့်ကို ၂၀၁၃ ခုနှစ် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က မွန်အမျိုးသားရေးရာအဖွဲ့ MAU ဦးစီး၍ မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ တစ်ကြိမ် ကျင်းပထားပြီးဖြစ်သည်။

    ယခုတဖန် မော်လမြိုင်မြို့၌ ပြန်လည်ကျင်းပမည့် ၂၀၂၅ မွန်အမျိုးသားကွန်ဖရင့်တွင် စစ်ကောင်စီ အသိအမှတ်ပြု မွန်နိုင်ငံရေးအင်အားစုနှင့် အဖွဲ့အစည်းများသာ တက်ရောက်နိုင်မည်ဖြစ်ပြီး စစ်ကောင်စီကို ဆန့်ကျင်တော်လှန်နေသော မွန်နိုင်ငံရေးအင်အားစုနှင့် အဖွဲ့အစည်းများ ပါဝင်နိုင်မည်မဟုတ်ပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks