spot_img
Wednesday, February 4, 2026
More
    spot_img
    Homeသတင်းဂျိုင်းမြစ်အတွင်းရှိ စစ်သင်္ဘောမှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်နေ

    ဂျိုင်းမြစ်အတွင်းရှိ စစ်သင်္ဘောမှ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်နေ

    -

    မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ်၊ ဂျိုင်းမြစ်အတွင်းရှိ စစ်ကောင်စီ သင်္ဘောမှ ကျေးရွာဘက်ကို လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်နေကြောင်း ဂျိုင်းမြစ်ဒေသခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ ညနေပိုင်းအချိန်က ဂျိုင်းမြစ်အတွင်းရှိ စစ်ကောင်စီ သင်္ဘောနှစ်စင်းမှ မိဂလုံနှင့် ကော့ကံကျေးရွာဘက်သို့ လက်နက်ကြီး ၃ လုံးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

    ၎င်းပြင် တော်လှန်ရေးပူးပေါင်းတို့ လှုပ်ရှားနေသည်ဟု သတင်းရရှိသည့် နေရာ၊ ကျေးရွာဘက်ကိုလည်း လက်နက်ကြီးဖြင့် မကြာခဏ ပစ်ခတ်နေသည်ဟု ဒေသခံတို့က ပြောသည်။

    စစ်သင်္ဘောမှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုကြောင့် ဒေသခံပြည်သူများ သတိဖြင့် နေထိုင်သွားလာသင့်သည်ဟုလည်း ဒေသခံတို့က ပြောသည်။

    “အခုက ရမ်းသမ်းပြီးတော့ လက်နက်ကြီးတွေနဲ့ ထပ်ပစ်လာပြန်ပြီ။ လက်နက်ကြီးတွေ တစ်ခါတစ်ခါ ကျရင်လေ၊ မြေကြီးပါတုန်တယ်။ သူတို့က တော်လှန်ရေးအဖွဲ့တွေ ရှိနိုင်တဲ့နေရာတွေကို ပစ်မယ်ပေါ့။ အဲကြောင့် သတိနဲ့ နေထိုင်သွားကြပါ။ ဒီလောက်လေးနဲ့ ရပ်သွားမှာ မဟုတ်ဘူး။ နောက်ထပ်လည်း ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်လာအုံးမှာပဲ။ အဲနေရာမှာ တော်လှန်ရေးအဖွဲ့တွေရှိတယ်လို့ ထင်တာနဲ့ အဲနေရာကို ပစ်ချတာပဲ။ အဲဒီလို သူတို့ရမ်းသမ်းပစ်ခတ်နေတဲ့ချိန်မှာ ကျနော်တို့ကို ထိရင် သေသွားကြမှာပဲ။ ဒီအယုတ်သမားတွေက သူတို့စဉ်စားဆင်ခြင်တာ မရှိဘူး” ဟု ဂျိုင်းမြစ်ဒေသခံတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မတ်လကလည်း ဂျိုင်းမြစ်အတွင်းရှိ စစ်ကောင်စီသင်္ဘောမှ ဓမ္မသကျေးရွာထဲကို တာဝေးပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် လူနေအိမ် ရာနှင့်ချီ ပျက်စီးဆုံးရှုံးခဲ့ရသည်။

    ဂျိုင်းမြစ်ဒေသတိုက်ပွဲ ပြင်းထန်လာသည့်နောက် စစ်ကောင်စီက အင်အားအများအပြားဖြင့် ဖြည့်တင်းကာ တိုက်ခိုက်လာသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်တို့က ဂျိုင်းမြစ်ဒေသမှ ဆုတ်ခွာခဲ့ရသည်။

    ယင်းနောက် ဂျိုင်းမြစ်ဒေသကို စစ်ကောင်စီတပ် အင်အားအများအပြားဖြင့် ဝင်ရောက် ထိန်းချုပ်ထားပြီး ကျေးရွာအတွင်းရှိ နေအိမ်များ၊ ဘုန်းကြီးကျောင်းများနှင့် ကျေးရွာချင်းဆက် လမ်းတို့တွင် ယနေ့အထိ တပ်စွဲနေထိုင်လျက်ရှိသည်ဟု ဒေသခံတို့က ဆိုသည်။

    “တိုက်ပွဲပြင်းထန်ချိန်ကစပြီး အခုတစ်နှစ်ကြာလာတဲ့အထိကို သူတို့(စစ်ကောင်စီ) ဆက်ရှိနေဆဲပဲ။ ကျေးရွာချင်းဆက်လမ်းတွေမှာ တပ်စွဲထားတယ်။ ကော့ဇွဲ၊ ကော့သပ်ကနေ တရနာအထိကို နေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတယ်။ အထူးသဖြင့် လမ်းဘေးမှာ ရှိတဲ့ နေအိမ်တွေထဲကို ဝင်ရောက်တပ်စွဲထားတာ များတယ်။ ကော့သပ်နဲ့ တရနာအထိပဲ သူတို့ တပ်စွဲထားနိုင်တယ်။ အဲအရှေ့မှာတော့ သူတို့တပ်မစွဲထားနိုင်ဘူး။ တော်လှန်ရေးအဖွဲ့ရဲ့ စိုးမိုးနယ်မြေ ဖြစ်နေလို့လေ” ဟု ကော့သပ်ရွာခံတစ်ဦးက ပြောသည်။

    ၂၀၂၄ ခုနှစ်တွင် ဂျိုင်းမြစ်ဒေသတွင်းတိုက်ပွဲ ပြင်းထန်လာသည့်နောက် ကော့ဘိန်း၊ ကော့ပေါက်၊ ဘုရားကြီး၊ သံကလောင်၊ ဓမ္မသ၊ တရနာ၊ ကော့သပ်၊ ကော့စွယ်၊ ကော့နွတ် စသည့် ကျေးရွာရှိ ဒေသခံပြည်သူထောင်နှင့်ချီတို့က မော်လမြိုင်၊ ထိုင်းနိုင်ငံ စသည့် ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြသည်မှာ ယနေ့ချိန်အထိပင် ဖြစ်သည်။

    See insights

    Create Ad

    All reactions:

    416416

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks