မွန်ဒေသအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းအားလုံး တစ်စုတစ်စည်းနှင့် အင်အားတစ်ခုတည်းဖြစ်စေရေးအတွက် မွန်အရပ်ဘက်အဖွဲ့အစည်းများဆုံရပ်တစ်ခုကို ဖွဲ့စည်းနေကြောင်းသိရသည်။

အဆိုပါ မွန်အရပ်ဘက်အဖွဲ့အစည်းများဆုံရပ်ကို ဖွဲ့နိုင်ရန် ဦးဆောင်သူရွေးချယ်ခြင်း၊ အဖွဲ့၏ အခြေခံမူဆွေးနွေးအတည်ပြုခြင်း စသည့်အမြင်ချင်းဖလှယ် ဆွေးနွေးပွဲတစ်ရပ်ကို မတ်လ ၁၆ နှင့် ၁၇ ရက်နေ့က မော်လမြိုင်မြို့ရှိ အမ်ဟော်တယ်တွင် နှစ်ရက်တာကျင်းပပြုလုပ်ခဲ့ကြပြီး မွန်အရပ်ဖက်အဖွဲ့အစည်း ၂၀ ထက်မနည်းမှ ကိုယ်စားလှယ်တို့ အသီးသီးတက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် မွန်အရပ်ဘက်အဖွဲ့စည်းမှ တာဝန်ရှိသူက"အဓိက CSO၊ CBO အဖွဲ့အစည်းကလူတွေအားလုံး တစ်သံတည်း အင်အားတစ်ခုတည်းဖြစ်ပြီး လူမျိုးအရေးကို တူတူလုပ်ဆောင်ဖို့ပေါ့။ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ရေးကွန်ရက်ရှိတဲ့ ပုံစံဖြစ်အောင်သွားရမယ်။ မွန်အရပ်ဘက်အဖွဲ့အစည်းများဆုံရပ်ဖြစ်အောင် ဆွေးနွေးဖြစ်တယ်” ဟု ဆိုသည်။
အရပ်ဘက်အဖွဲ့အစည်းအားလုံး တစ်စုတစ်စည်းတည်းဖြစ်လာပါက မွန်ပြည်သူလူထုတို့အတွက် အကျိုးပြုနိုင်မည့် အမျိုးသားရေးလုပ်ငန်းတို့လည်း ဝိုင်းဝန်းဆောင်ရွက်သွားနိုင်မည်ဟု ဆက်ပြောသည်။
ထို့ကြောင့် အဆိုပါဆွေးနွေးပွဲတို့မှ မွန်အရပ်ဖက်အဖွဲ့အစည်းများဆုံရပ်အတွက် ဦးဆောင်သူ ၉ ဦး၊ ညှိနှိုင်းရေးမှု၊ တွဲဖက်ညှိနှိုင်းရေးမှုးနှင့် အဖွဲ့ဝင်တို့ကိုလည်း ရွေးချယ်အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။
” အဖွဲ့ကလည်း ၂၀ ရှိတယ်။ အကုန်လုံးဦးဆောင်မယ်ဆိုရင် အလုပ်လုပ်တဲ့အခါမှာ အခက်အခဲရှိမယ်။ အကုန်လုံးသဘောတူပြီး အယောက် ၂၀ ထဲကနေ ၉ ယောက်ထပ်ရွေးလိုက်တယ်။ အဖွဲ့အလိုက်ရွေးလိုက်တာ မဟုတ်ဘူး။ ပုဂ္ဂိုလ်အနေနဲ့ပဲရွေးလိုက်တာ။ အဖွဲ့ကိုယ်စားတွေထဲမှာ အလုပ်လုပ်ကောင်းတဲ့သူတွေကို ရွေးလိုက်တယ်”ဟု အစည်းအဝေးတက်ရောက် သူတစ်ဦးက ပြောသည်။
ယခု ၂၀၂၅ နှစ်ဆန်းပိုင်းတွင် ကျင်းပခဲ့သည့် မွန်လူမျိုးရေးအစည်းအဝေးတွင် အဆိုပါမွန်အရပ်ဖက်အဖွဲ့အစည်းတို့ပေါင်းစည်းရေးကိစ္စကို ထည့်သွင်းပြောကြားလာသည့်နောက် မွန်ပြည်သစ်ပါတီအကူအညီဖြင့် ယခုကဲ့သို့အကောင်ထည်ဖော်နိုင်ခြင်းဖြစ်ကြောင်း ဆက်ပြောသည်။
လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ ရရှိထားသည့် ကနဦး ချက်အလက်များအရ မွန်အရပ်ဖက်အဖွဲ့အစည်းများဆုံရပ်ထဲတွင် မွန်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ မွန်ဂီတပူးပေါင်းအဖွဲ့၊ Mon Land Institute (မွန်မြေမူဝါဒအဖွဲ့)၊ Amartdein Journal၊ Snong Jampar Journal ၊ Mon Youth Education Organization(MYEO) ၊Mon Youth Progressive Organization(MYPO)၊ Mon Youth Forum စသည့်အဖွဲ့တို့ဝင်နေကြောင်းသိရသည်။
စစ်အာဏာမသိမ်းခင် ယခင် ၂၀၁၉ ခုနှစ်တွင် အမျိုးသားရေးလုပ်ငန်းများကို ဝိုင်းဝန်ကူညီဆောင်ရွက်ရန်အတွက် မွန်အရပ်ဘက် လူမှုအဖွဲ့အစည်းကွန်ရက်တစ်ခုကို မွန်ဒေသအခြေစိုက် အရပ်ဘက် လူမှုအဖွဲ့အစည်းပေါင်း (၆၀) ကျော်ဖြင့်ဖွဲ့စည်းခဲ့ရာ စစ်အာဏာသိမ်းနောက်ပိုင်း မွန်အရပ်ဘက်အဖွဲ့အစည်းအများစု မွန်ဒေသတွင်း ရပ်တည်နိုင်ခြင်းမရှိသဖြင့် အဆိုပါ ဖွဲ့စည်းပုံပုံစံဟောင်းကို ပြင်ဆင်၍ ပြန်လည်ပြင်ဆင်ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။