မွန်အမျိုးသားပညာရေးဌာနမှ မွန်လူငယ် ကျောင်းသားတို့ကြား အသုံးပြုနိုင်ရန်အတွက် မွန်စာလုံးပေါင်းသတ်ပုံကျမ်းစာအုပ်ကို ယခု ၂၀၂၅ ခုနှစ်အတွင်း ထုတ်ဝေနိုင်ရန် စီစဉ်လျက်ရှိကြောင်း မွန်အမျိုးသားပညာရေး တာဝန်ရှိသူတို့မှ သိရသည်။
မွန်စာပေကို မွန်လူမျိုးအများစုက မိမိတို့နည်းဟန်ဖြင့် စာလုံးပေါင်းသတ်ပုံတို့ကို အဆင်ပြေသလို အသုံးပြုရေးသားနေကြပြီး တိကျသေချာသည့် စားလုံးပေါင်းသတ်ပုံများ မရှိနေခြင်းကြောင့် မွန်အမျိုးသားပညာရေးဌာနမှ အတည်တကျဖြစ်စေမည့် စာလုံးသတ်ပုံစကားလုံးများ ထွက်လာနိုင်ရန်ရည်ရွယ်ပြီး စတင်ကြိုးပမ်းလာခြင်းဖြစ်သည်ဟု စာအုပ်ထုတ်ဝေရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ တစ်ခါမှ ဒီလိုမျိုးစာအုပ်မရှိဖူးဘူး၊ အခုထုတ်နိုင်မယ်ဆိုရင် ဒါပထမဆုံပဲ။ ကျွန်တော်တို့က မွန်စာတွေကို ကိုယ်ရေးချင်သလိုရေးနေကြတယ်၊ ဝေါဟာရတွေနဲ့ ရေးတာရှိတယ်၊ အသတ်တွေနဲ့ ရေးတာရှိတယ် နည်းအများကြီးနဲ့ ရေးနေတာရှိတော့ တစ်နည်းထဲ တစ်မျိုးထဲဖြစ်ဖို့အတွက် ရည်ရွယ်ပြီး ဒီသတ်ပုံကျမ်းစာအုပ်ထုတ်ဖို့ စီစဉ်တယ်” ဟု ပြောသည်။
အဆိုပါ သတ်ပုံကျမ်းစာအုပ်အတွင်း ထည့်သွင်းမည့် မွန်ဝေါဟာရများကို နိုင်သက်လွင် အဘိဓါန်(မွန်-ဗမာ)စာအုပ်အပေါ် အခြေခံကာ ရွေးချယ်အသုံးပြုသွားမည်ဖြစ်သည်။
စာအုပ်ထုတ်နိုင်ရေးအတွက် သုတေသနပြုလုပ်ခြင်းနှင့် ဝေါဟာရစုစောင်းခြင်းတို့ကို မွန်အမျိုးသားပညာရေးဌာနအပြင် မွန်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့ (ရန်ကုန်)၊ မော်လမြိုင်တက္ကသိုလ် မွန်စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီအဖွဲ့၊ မွန်စာပေ ပညာရှင်များနှင့် အစိုးရအငြိမ်းစားဝန်ထမ်းများလည်း ပါဝင်ကူညီ ဆောင်ရွက်နေကြောင်း သိရသည်။
“ဒီစာအုပ်လုပ်ဖို့က workshop နှစ်ခါလုပ်တယ်၊ အခုက ပထမအကြိမ် ပြီးပြီး ဒီသင်္ကြန်ပြီး မေလဆိုရင် ပြန်စမယ်၊ မွန်ကောလိပ်တော့ (က) အက္ခရာကနေ (ဏ) အထိတာဝန်ယူထားတယ်၊ ပြီးတော့မွန်စာပေနှင့် ယဉ်ကျေးမှု ရန်ကုန်က (တ) နဲ့ (ထ)၊ မော်လမြိုင်မှာဆို (ဒ) နဲ့ (ဓ) အက္ခတွေ အကုန်လုံးကို တာဝန်ယူ ဆောင်ရွက်ပေးကြတယ်” မွန်အမျိုးသားပညာရေးကောလိပ်တွင်တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် မတ် ၅ ရက်နေ့မှ ၇ရက်နေ့တွင်လည်း မွန်အမျိုးသားကောလိပ်မှ မွန်စာပေနှင့် ယဉ်ကျေးမှုဘာသာရပ်တို့ကို လေ့လာနေသည့် ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသားကျောင်းသူတို့ နိုင်သက်လွင် အဘိဓာန် (မွန်- ဗမာ)အပေါ် အခြေခံပြီး စားလုံးသတ်ပုံဝေါဟာရ စကားလုံးများကို ရွေးချယ်စုဆောင်းမှုတို့ လုပ်ဆောင်ခဲ့သေးသည်။
၎င်းသတ်ပုံကျမ်းစာအုပ်ကို မွန်တစ်မျိုးသားလုံးဖတ်ရှုအသုံးပြုနိုင်ရန်အတွက်လည်း ဆက်လက်ဆောင်ရွက်သွားရန်ရှိပြီး ကနဦးအနေဖြင့် မွန်အမျိုးသားပညာရေးကောလိပ်နှင့် မြို့နယ်အသီးသီးရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း မွန်အမျိုးသားကျောင်းအားလုံးတွင် အသုံးပြုနိုင်ရန်အတွက် စတင်ဆောင်ရွက်နေသည်ဟု ဆိုသည်။