ရုရှားနိုင်ငံနှင့် ပူးပေါင်းလုပ်ဆောင်မည့် ထားဝယ်စီမံကိန်းကို လက်မခံကြောင်း တနင်္သာရီအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းနှင့် တော်လှန်ရေးအင်အားစုတို့က မတ်လ ၁၀ ရက်နေ့တွင် ပူးတွဲထုတ်ပြန် ခဲ့သည်။
ထားဝယ်စီမံကိန်းကို ပူးပေါင်းအကောင်အထည်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရုရှားသမ္မတ ပူတင်တို့က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။

အဆိုပါစီမံကိန်းထဲတွင် ရေနက်ဆိပ်ကမ်း၊ ရေနံချက်စက်ရုံ၊ ရေနံဓာတုစက်ရုံ၊ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် အခြားသော ညစ်ညမ်းစက်ရုံ များစွာပါဝင်သည့် စက်မှုဇုန် စီမံကိန်းများ၊ ရေကာတာ၊ မြန်မာ-ထိုင်းနယ်စပ်သို့ ဆက်သွယ်ထားသည့် အဝေးပြေးကားလမ်းနှင့် မီးရထားလမ်းတို့ ပါဝင်ကြောင်း သိရသည်။
တရားမဝင် အာဏာသိမ်းထားသည့် စစ်ကောင်စီနှင့် စီမံကိန်းများ လုပ်ဆောင်ခြင်းသည် တရားမဝင်သည့်အပြင် ဒေသခံပြည်သူများ၏ လူ့အခွင့်အရေး၊ သဘာဝပတ်ဝန်းကျင်၊ ယဉ်ကျေးမှုဆိုင်ရာနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို ကြီးမားသည့် ဆိုးကျိုးသက်ရောက်မှုများ မလွဲဧကန် ခြိမ်းခြောက်လာမှာဖြစ်သည့်အတွက် လက်မခံနိုင်ခြင်း ဖြစ်သည်ဟု ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုအဖွဲ့မှ မြေပြင်တာဝန်ခံ ကိုယောနသံက ပြောသည်။
“ဒေသဖွံ့ဖြိုးရေးအတွက် သူတို့(စစ်ကောင်စီ) ဘာလုပ်မလဲဆိုတဲ့အပေါ်မှာ လက်မခံတာ ဖြစ်တယ်ပေါ့နော်။ ဒေသခံပြည်သူတွေအတွက်ရော၊ တိုင်းပြည်အတွက်ရော၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်ရောက သူတို့ ဘာမှမျှော်မှန်းထားတာ မဟုတ်ဘူး။ သူတို့ လူတစ်စုအတွက်သာ မျှော်မှန်းထားတဲ့ မျှော်မှန်းချက်တစ်ခုပဲလို့ ကျနော်တို့ ယူဆထားတယ်။ ပြီးတော့ စက်ရုံကနေ ထွက်ရှိလာတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ဒေသခံလူထုတွေကပဲ ခံစားရမှာ ဖြစ်တယ်။ သဘာဝပတ်ဝန်းကျင်တွေနဲ့ ပတ်သက်ပြီးတော့လည်း အများကြီး နစ်နာမှုတွေ ဖြစ်လာမယ်ပေါ့နော်” ဟု ကိုယောနသံက ပြောသည်။
ပွင့်လင်းမြင်သာမှုရှိသည့် အရပ်သားအစိုးရလက်ထက်တောင်မှ ပညာရှင်များ၏ အကူအညီဖြင့် ထားဝယ်အထူးစီပွားရေးဇုန်ကို အကောင်အထည်ဖော်ရာတွင် ဘေးထွက်ဆိုးကျိုးနည်းပါးအောင် ထိန်းသိမ်းနိုင်သည့်အနေအထား မရှိကြောင်း၊ ယခု စစ်ကောင်စီလက်ထက်တွင် ဘေးထွက်ဆိုးကျိုးနည်းအောင် ထိန်းကျောင်းလုပ်ဆောင်နိုင်ရန် လွယ်ကူနိုင်မည် မဟုတ်ပေ။
အဆိုပါစီမံကိန်းသည် ဒေသခံပြည်သူလူထုတို့၏ အသက်ရှင်ရပ်တည်မှု၊ အသက်မွေးကျောင်းကိစ္စရပ်နှင့် ပတ်သက်ပြီး ဆန့်ကျင်ဘက်ဖြစ်နေကြောင်း၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် လိုအပ်ကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှု မရှိသည့်အချိန်တွင် အကောင်အထည်ဖော်သည့်အတွက် ဒေသခံများက ထိခိုက်နစ်နာမှုနှင့် ဆုံးရှုံးမှု ပိုမိုများပြားလာနိုင်သည့်အတွက် လက်မခံနိုင်ရခြင်း ဖြစ်သည်။
“ကျမတို့ပြောချင်တာက ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ရှိဖို့ လိုအပ်တယ်။ အခုလိုမျိုး နိုင်ငံမတည်ငြိမ်တဲ့အချိန်မှာ ဘေးထွက်ဆိုးကျိုးနဲ့ပတ်သက်ပြီး ကျမတောင်း ဆိုမယ်ဆိုရင်လည်း လုံးဝလုပ်ပေးလာမှာ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ ဒီစီမံကိန်းကို အကောင်အထည် ဖော်မယ်ဆိုရှိရင်တော့ ဒေသခံတိုင်းရင်းသားတွေက ပိုမိုထိခိုက်မှုတွေ၊ နစ်နာမှုတွေ၊ ဆုံးရှုံးမှုတွေက ပိုပြီး များလာဖို့ပဲ ရှိတယ်။ အဲဒါကြောင့်မလို့ ကျမတို့က လက်မခံရတာ ဖြစ်တယ်။ နောက်တစ်ချက်က ဒီစီမံကိန်းမှာပါတဲ့ ညစ်ညမ်းတဲ့ စက်မှုဇုန်တွေ ဖြစ်တဲ့ ကျောက်မီးသွေးလျှပ်စစ်ဓာတ်အားပေးစက်ရုံ တွေ၊ ရေနံချက်စက်ရုံတွေ စသဖြင့်ပေါ့နော်။ အဲလိုစက်ရုံတွေဟာ ကျမတို့ထားဝယ်လူမျိုးတွေ မှီဝဲစားသောက်နေကြတဲ့ ပင်လယ်နဲ့ သဘာပတ်ဝန်းကျင်၊ ရေမြေတောတောင်တွေက ကျမတို့ရဲ့ အသက်ရှင်နေထိုင်ရေးအတွက် လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေတယ်” ဟု MAGGA Initiative ဒါရိုက်တာ မယ်ဆု က ပြောသည်။
၂၀၀၈ ခုနှစ်ကတည်းက စတင်ခဲ့သည့် ထားဝယ်စီမံကိန်းသည် ရင်းနှီးမြုပ်နှံ့သူနှင့် ဒေသခံပြည်သူတို့အကြား ပြဿနာမျိုးစုံဖြစ်ပွားခဲ့ပြီး၊ ထိုပြဿနာများကိုလည်း ရှင်းလင်းမှုများ မလုပ်ဆောင်နိုင်သေးကြောင်း၊ ယခုတဖန် ရုရှားနှင့် ပူးပေါင်းပြီး စီမံကိန်းကို ပြန်လည်အသက်သွင်းလာခြင်းသည် ဒေသတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများ ယခင်ကထက် ကြီးမားသည့် ဆိုးကျိုးမှုများ မလွဲဧကန် ခံစားကြရမည် ဖြစ်သည်။
ထားဝယ်စီမံကိန်းကို အကောင်အထည်ဖော်မည်ဆိုပါက အနီးတစ်ဝိုက်ရှိ ဒေသခံပြည်သူများ လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုခံစားလာရနိုင်ကြောင်း၊ ဒေသတွင်းအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် ပြင်းထန်သည့် စစ်ရေးပဋိပက္ခများ ဖြစ်ပွားလာမည်ကို ဒေသခံတို့က စိုးရိမ်းနေကြသည်။
“မြေသိမ်း ယာသိမ်းတာက အရင်ကတည်းကလည်း ရှိတယ်။ အခုလည်း အဲလို သိမ်းဆည်းတာက ဖြစ်ကို ဖြစ်လာမှာပဲ။ အဲဒီအပြင် ရေနက်ဆိပ်ကမ်းအကောင်အထည်ဖော်ဖို့ဆိုတဲ့ ခေါင်းစဉ်တပ်ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်မယ်ဆိုပြီးတော့လည်း သူတို့ စိတ်ကြိုက် အိမ်တွေမီးရှို့လာနိုင်တယ်။ နယ်မြေရှင်းတာ၊ မြေဖို့တာ အဲလိုမျိုးကိစ္စတွေ ပိုဖြစ်လာမှာတော့ သေချာတယ်။ ရေနက်ဆိပ်ကမ်း အကောင်အထည်မဖော်ခင်ကလည်း အဲဒေသကရွာတွေကို ရွာလုံးကျွတ် မီးရှို့တာကို သူတို့ လုပ်ဆောင်နေတာပဲဆိုတော့၊ အခုလိုမျိုးဆို ခေါင်းစဉ်တပ်ပြီးတော့ အများကြီး ပိုလုပ်လာမှာပေါ့။ စီမံကိန်းအကောင်အထည် ဖော်နိုင်ဖို့က မလွယ်ဘူး။ ဒါပေမဲ့ ရတဲ့နည်းနဲ့ လုပ်မယ်ဆိုလို့ရှိရင် ဒီနေရာတစ်ဝိုက်က ဒေသခံတွေကတော့ အခက်အခဲ ဖြစ်လာကြမှာပဲ” ဟု ထားဝယ်ဒေသခံတစ်ဦးက ပြောသည်။
ထားဝယ်စီမံကိန်းအနီးတစ်ဝိုက်ကို လုံခြုံရေးပေးရန် အင်အားဖြည့်ပြီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန် ပြင်ဆင်လာနေကြောင်း၊ လက်ရှိတွင် ဒေသတွင်းတိုက်ပွဲများ ခပ်စိပ်စိပ် ဖြစ်လာနေပြီ ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အဲဘက်ကို နယ်မြေရှင်းလင်းဖို့ စစ်ကောင်စီက ပြင်ဆင်နေပြီ။ တိုက်ပွဲတွေလည်း ခပ်စိပ်စိပ် ဖြစ်လာနေပြီ။ အခုဆို ဂျက်ဖိုက်တာလေယာဉ်တွေ သုံးပြီးတော့ တိုက်ခိုက်နေတာ နေ့တိုင်းလိုလိုပါပဲ။ ဒီကြားထဲမှာ စစ်ကောင်စီက ရုရှားစီးပွားရေးကို အကာအကွယ်ပေးဖို့ဆိုပြီးတော့ ပုဂ္ဂလိကကုမ္ပဏီ လုံခြုံရေး တရားဝင်လက်နက်ကိုင်ဆောင်ခွင့် ဥပဒေကိုလည်း ထုတ်ပြန်ထားတယ်။ ဒါကြောင့် ဒီရေနက်ဆိပ်ကမ်းထဲကို ရုရှားနိုင်ငံက လုံခြုံရေးအဖွဲ့တွေ ဝင်လာနိုင်တယ်။ ဒီလိုဖြစ်စဉ်မျိုးက အာဖရိကမှာလည်း ရုရှားက ဝင်ရောက်ဖူးတယ်။ ဒီရုရှားကလူတွေ ဝင်ရောက်လာမှုကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီး ကြုံတွေ့နေခဲ့ရတယ်။ ဒေသခံတွေကို နှိမ့်စက်၊ သတ်ဖြတ်ပြီးတော့ အရေးယူမှုတွေ မလုပ်ပေးနိုင်ဘူး။ တာဝန်ယူမှု၊ တာဝန်ခံမှုတွေလည်း မရှိဘူး။ ပြီးတော့ ဒေသတွင်း နိုင်ငံရေး၊ စစ်ရေးကိုလည်း ဝင်ရှုပ်တယ်။ ဒေသထွက် သံယာဇာတတွေကိုလည်း ဒေသတွင်း ခရိုနိုတွေနဲ့ ပေါင်းပြီး တရားမဝင်ထုတ်လုပ်လာမှာ ဖြစ်တယ်။ ဒါကြောင့် ဒေသတွင်း တော်လှန်ရေးတွေနဲ့လည်း ရှုပ်ထွေလာနိုင်တယ်။ တော်လှန်ရေးအဖွဲ့တွေနဲ့ တော်လှန်ရေးအင်အားစုတွေကတော့ အကောင်အထည် မဖော်နိုင်အောင်တော့ ကာကွယ်ကြမှာပဲ” ဟု ပြောသည်။
ထားဝယ်စီမံကိန်းကို လျင်မြန်စွာ အကောင်အထည်ဖော်ရန်အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများနှင့် လာရောက် ရင်းနှီးမြုပ်နှံမည့်သူများ စိတ်ချမ်းသာစွာဖြင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံးဆောင်ရွက်ထားကြရန် ဒု-စစ်ခေါင်း ဆောင် စိုးဝင်း က မတ်လ ၁၀ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် မြန်မာ့အထူးစီးပွားရေး ဇုန်ဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၀၈ ခုနှစ်ကတည်းက အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး သိသာထင်ရှားသည့် တိုးတက်မှုများ မရှိခဲ့သဖြင့် ရင်းနှီးတည်ဆောက်သူ အီတာလျံ- ထိုင်းကုမ္ပဏီ၏ လုပ်ကိုင်ခွင့်ကို ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က ရပ်ဆိုင်းထားခဲ့သည်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် ရုရှားနိုင်ငံနှင့် စစ်ရေး၊ နိုင်ငံရေးအရ ဆက်ဆံရေး ခိုင်မာအောင် ပိုမိုကြိုးစားလာပြီး ယခုတည်ဆောက်မည့် စီမံကိန်းသည်လည်း မြန်မာပြည်သူတို့၏ အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ ၎င်းတို့နှစ်ဖက် ဆက်ဆံရေး ခိုင်မာအောင် လုပ်ဆောင်နေခြင်းသာ ဖြစ်သည့်အတွက် အရပ်ဖက်အဖွဲ့အစည်းနှင့် ဒေသခံလူထုတို့ လက်မခံနိုင်ရခြင်း ဖြစ်သည်။