တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား ပဋိပက္ခမကြီးထွားရေး နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဖြေရှင်းရန် လိုအပ်ကြောင်း နိုင်ငံရေး သုံးသပ်သူများက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြိုနယ်တွင် TNLA နှင့် KIA တို့အကြား နှစ်ဖက်တပ်ဖွဲ့ဝင်များ နယ်မြေအငြင်းပွားမှုကြောင့် ပဋိပက္ခဖြစ်ပွားခဲ့သည်။
ယင်းနောက် TNLA ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိူဝ်ပ္လါင် (တားဟိုပလန်) က ဖေဖော်ဝါရီ ၂၈ ရက်က မန်တုံမြို့ကို သွားရောက်ခဲ့ပြီး လူထုနှင့်တွေ့ဆုံကာ KIA နှင့် နယ်မြေ အငြင်းပွားမှု ပြဿနာ မကြီးထွားလာစေရန် ထိန်းသိမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လက်နက်ကိုင်အဖွဲ့အစည်းမှ ဖြစ်ပေါ်လာသော ပြဿနာဖြစ်သည့်အတွက် ထိပ်သီးခေါင်းဆောင်များက ဖြေရှင်းရမှာ ဖြစ်ကြောင်း ပလောင်နိုင်ငံရေးသမား ဦးကျော်အောင်က ပြောသည်။

၎င်းက “လောလောဆယ် သတင်းတက်တာရော လက်နက်ကိုင်အဖွဲ့အစည်းနဲ့ ဖြစ်တဲ့အတွက် သူတို့ လက်နက်ကိုင် အဖွဲ့အစည်း ထိပ်သီးကပဲ သူတို့ ဖြေရှင်းနေတဲ့ အနေအထားတော့ ရှိပါတယ်။ ယူဆတာတော့ လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့အတွက် ခုနားက လမ်းကြောင်းကပဲ သွားတာပဲ အဆင်ပြေမယ်လို့ ထင်ပါတယ်။ ဟိုတလောကပဲ မန်တုံမှာပေါ့၊ စစ်ဦးစီးချုပ် တားဟိူဝ်ပ္လါင် ကိုယ်တိုင်က လာပြီးတော့မှ ပြည်သူလူထုတွေကို ရှင်းလင်းပြောတဲ့အနေအထားရှိတယ်၊ နောက်နောင် အဲဒီလို ပဋိပက္ခမဖြစ်အောင်ရယ်၊ တစ်ဖက်နဲ့ တစ်ဖက် ပဋိပက္ခအသွင်ဆောင်တဲ့ ပုံစံမျိုး မဖြစ်အောင် ထိန်းထိန်းသိမ်းသိမ်း နေဖို့ဆိုတဲ့ဟာမျိုးကို သူ့အနေနဲ့ လာပြီး ပြောဆိုသွားတာတော့ ရှိတာပေါ့လေ” ဟု ပြောသည်။
TNLA နှင့် KIA တို့ မဟာမိတ်နှစ်ဖွဲအကြား အပြန်အလှန်အသိအမှတ်ပြုရန်၊ မဟာမိတ်တည်တံ့ခိုင်မြဲစေရန် နှစ်ဖက်တပ်က ပူးပေါင်းဆောင်ရွက်သွားရမည့်အချိန်ဖြစ်ပြီး မဟာမိတ်ကတိကဝတ်ကို ရှေးရှု၍ မဟာမိတ်ကြား မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားလာစေရန် နှစ်ဖွဲ့လုံးက သတိထားဆောင်ရွက်ရမှာ ဖြစ်သည်ဟု TNLA ၏ စစ်ဦးစီးချုပ်မှ ပြောကြားခဲ့သည်။
ရှမ်းမြောက်တွင် TNLA နှင့် KIA တို့ နယ်မြေအငြင်းပွားမှုနှင့် ပသ်သက်၍ KIO မှ ဒုတိယဗိုလ်ချုပ်ကြီ ဂွမ်မော်က “ရှမ်းမြောက် လူထုနဲ့ ဒီကြားထဲ စည်းဝေးလုပ်မယ်။ လူထုရဲ့ သဘောထား ရယူပြီးရင်တော့ ဆုံးဖြတ်ချက်ချနိုင်မယ်ထင်ပါတယ်”ဟု ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် မတ်လ ၈ ရက်မှာ ရေးသားခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းအကြား နယ်မြေအငြင်းပွားမှု ပြဿနာကို တွေ့ဆုံညှိနှိုင်းခြင်းဖြင့် ဖြေရှင်းမှုမှာ အကောင်းဆုံးဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“အကောင်းဆုံး ဖြေရှင်းတာကတော့ ညှိနှိုင်းတာပေါ့၊ နံပတ်တစ်က ညှိနှိုင်းဖို့လိုတယ်။ နံပတ်နှစ်က စစ်ရေးအရ ဘုံရန်သူဖက်က တိုက်ရိုက်ပြောရင်တော့ ဗဟိုဖက် (စစ်ကောင်စီ) က နည်းနည်းအားလျော့နေတဲ့အချိန်မှာ စစ်ရေးအရ အသာစီးရလာတဲ့ တိုင်းရင်းသား အဖွဲ့တွေဟာ အဲဒီအပေါ်မှာ စစ်မာန်တော့ မတက်သင့်ဘူးပေါ့ဗျာ၊ စစ်မာန်တက်ပြီးတော့ ငါ့နယ်မြေကွ၊ ငါက အသေခံ တိုက်ရတယ်ကွဆိုတဲ့ဟာမျိုးနဲ့ ဆိုရင် တနေ့ နယ်မြေပြဿနာ၊ အုပ်ချုပ်ရေး ပြဿနာတွေမှာ တိုင်းရင်းသား အချင်းချင်းလည်း ပြဿနာ ပြန်ပေါ်နိုင်တယ်ဗျ ကျနော်ကြည့်တာပေါ့လေ၊ အဲဒါလည်း စိတ်မကောင်းစရာ တစ်ခုပေါ့” ဟု ပြောသည်။
ထို့အတူ ပြည်ထောင်စု တစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် အလွတ်သဘောဆွေးနွေးပွဲများ ပေါ်ပေါက်လာပါက အဆိုပါ ပြဿနာများလည်း ဖြေရှင်းနိုင်မည်ဟု ယူဆကြောင်း ၎င်းက ပြောသည်။
ကွတ်ခိုင်နှင့် မန်တုံမြို့နယ်အတွင်း TNLA နှင့် KIA တို့ အောက်ခြေတပ်ဖွဲ့ဝင်တို့အကြား နယ်မြေအငြင်းပွားမှုများကို ဖြေရှင်းနိုင်ရေး ဗဟိုအဆင့် တွေ့ဆုံညှိနှိုင်း ဖြေရှင်းနိုင်ရေး လုပ်ဆောင်နေသည်ဟု သိရသည်။