Friday, March 27, 2026
More
    spot_img
    Homeသတင်းလူကုန်ကူးခံရသူများကို ထိန်းသိမ်းထားရသည်မှာ အခက်အခဲများကြောင်း BGF ပြော

    လူကုန်ကူးခံရသူများကို ထိန်းသိမ်းထားရသည်မှာ အခက်အခဲများကြောင်း BGF ပြော

    -

    ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်နှင့် ရွေကုက္ကိုဒေသရှိ အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများမှ လူကုန်ကူးခံရသူများကို ထိန်းသိမ်းထားရသည်မှာ အခက်အခဲများစွာရှိနေကြောင်း ကရင်နယ်ခြားစောင့်တပ် (BGF) က ပြောသည်။

    လက်ရှိတွင် BGF က ထိန်းသိမ်းထားသည့် လူကုန်ကူးခံရသူ အရေအတွက် ၇၀၀၀ ကျော်အထိရှိနေပြီး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်ပို့ဆောင်နိုင်ရေး စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။

    နီးစပ်သူများ၏ ပြောပြချက်အရ အဆိုပါ လူကုန်ကူးခံရသည့် နိုင်ငံခြားသားများအတွက် စားသောက်စရိတ် နေ့စဉ် ဘတ်ငွေ သိန်းချီကုန်ကြောင်း ဆိုသည်။

    BGF ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က “လူက ၇၀၊ ၈၀ မဟုတ်ဘူးလေ။ လူ ၇၀၀၀ ကျော်ကို ထားရတဲ့ နေရာထိုင်ခင်း အခက်အခဲတွေရှိတယ်။ ဒီ ၇၀၀၀ အတွက် ကျွေးရတဲ့စရိတ်ရှိတယ်။ နောက်ပြီး ဒီလူတွေက နေရာပေါင်းစုံက စရိုက်ပေါင်းစုံဖြစ်တော့ မကြာခဏ ရန်ဖြစ်တာတွေလည်း ရှိတယ်။ သူတို့က ဒီကဒေသခံတွေလိုလည်း မစားတတ်ဘူးလေ။ သူတို့ကို သူတို့နိုင်ငံတွေကလည်း ပြန်မခေါ်သေးဘူး” ဟု ဆိုသည်။

    BGF အနေဖြင့် ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းနှိမ်နင်းရေးအတွက် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိကြောင်းလည်း ဆိုသည်။

    ၎င်းပြင် ကျားဖြန့်အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နှိမ်နင်းသည့်အနေဖြင့် ထိုင်းအစိုးရက မြဝတီ၊ တာချီလိတ်၊ ဘုရားသုံးဆူအပါအဝင် ထိုင်း-မြန်မယ်နယ်စပ်တလျှောက်က နေရာ ၅ ခုထက်မနည်းကို လျှပ်စစ်မီး၊ အင်တာနက်၊ လောင်စာဆီအပြင် ကုန်ပစ္စည်းတင်ပို့မှုအချို့ကိုပါ ရပ်ဆိုင်းထားသည်ကိုလည်း ပြန်လည်ဖြေလျှော့ပေးစေလိုသည်ဟု နိုင်မောင်ဇော်က ပြောသည်။

    “အဓိက ကျားဖြန့်ဆီကို ပစ္စည်းတွေမရောက်အောင် ပိတ်ပင်တာလေ၊ ကန့်သတ်တာလေ ဟုတ်တယ်မလား။ ပြည်သူတွေမှာ အပြစ်ရှိတာမှ မဟုတ်တာ။လက်ရှိမှာ အကိုတို့လည်း ဒါကိုကိုင်တွယ်နေပြီဆိုတော့ ပြည်သူကိုထပ်ပြီး ဒုက္ခရောက်ရတာလည်း မမြင်ချင်ဘူး။ဒါကြောင့် ပိတ်ဆို့ထားတာတွေဖြေလျော့ပေးဖို့ အကိုတို့လည်း တောင်းဆိုထားတယ်” ဟု ၎င်းက ဆက်ပြောသည်။

    လက်ရှိတွင် BGF က လူကုန်ကူးခံရသည့် တရုတ်နိုင်ငံသားများကို ဦးစားပေးအနေဖြင့် ထိုင်းနိုင်ငံဘက်သို့ လွှဲပြောင်းပေးနေပြီး ထိုမှတဆင့် တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်လျက်ရှိသည်။

    မတ်လ ၆ ရက်နေ့တွင် တရုတ်နိုင်ငံသား ၄၅၆ ဦးကို ထိုင်းနိုင်ငံမှတဆင့် တရုတ်နိုင်ငံသို့ ပြန်ပို့ခဲ့ပြီး ၄ ရက်အတွင်း တရုတ်နိုင်ငံသား ၁၄၉၃ ဦး ပို့ဆောင်မည်ဟု BGF ထံမှ သိရသည်။

    လူကုန်ကူးခံရသူ အများအပြားကို ထိန်းသိမ်းထားရသည့်အတွက် ကူးစက်ရောဂါများ ပြန့်ပွားမည်ကို စိုးရိမ်နေရသလို၊ မိခင်နိုင်ငံများသို့ ပြန်မပို့နိုင်မည်ကိုလည်း စိုးရိမ်နေရကြောင်း BGF ဘက်က ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks