Friday, March 27, 2026
More
    spot_img
    Homeသတင်းနေကြာအစား စိုက်စရိတ်နည်းသည့် ပဲအမျိုးမျိုးကိုသာ စိုက်ပျိုးလာ

    နေကြာအစား စိုက်စရိတ်နည်းသည့် ပဲအမျိုးမျိုးကိုသာ စိုက်ပျိုးလာ

    -

    မွန်ပြည်နယ်တွင် နွေစိုက်ပျိုးသီးနှံဖြစ်သည့် ဆီထွက်သီးနှံအမျိုးအစား နေကြာပင်အစား စိုက်ပျိုးရလွယ်ကူသည့် ပဲအမျိုးမျိုးကိုသာ အစားထိုးစိုက်ပျိုုးလာကြောင်း သိရသည်။

    တောင်သူများ နေကြာထက် ပဲတီးစိမ်းနှင့် မတ်ပဲတို့ကို စိုက်ပျိုးရလွယ်ကူသည့်အပြင် အသုံးစရိတ်သက်သာခြင်း၊ အထွက်နှုန်းများခြင်းနှင့် ဈေးကောင်းရခြင်းတို့ကြောင့် ရွေးချယ်စိုက်ပျိုးသူများကြောင်း တောင်သူတို့မှ သိရသည်။

    ဆီထွက်သီးနှံ စိုက်ပျိုးမှုများသည့် ချောင်းဆုံမြို့နယ်ဒရယ်တွင် ယခင်က နေကြာစိုက်ခင်း ဧက ၁၀၀ ခန့်ရှိခဲ့သော်လည်း လက်ရှိတွင် ဧက ၃၀ သာ ကျန်ရှိပြီး ပဲစိုက်ပျိုးမှု ဧက ၅၀ မှ ၂၀၀ နီးပါးအထိ တိုးလာနေကြောင်း ချောင်းဆုံမှ တောင်သူတစ်ဦးက ပြောသည်။

    “အစကနေကြာစိုက်တာများတယ်။ ပြီးခဲ့တဲ့ နှစ်ကမှ ပဲတွေစစိုက်လာတယ်။ ဒီနှစ်ဆို တောင်သူတိုင်းက ပဲစိုက်နေကြတယ်။ နေကြာကတော့နည်းလာတယ်။ ကျွန်တော်လဲ နှစ်တိုင်းလိုလို နေကြာကို ၇ ဧက ၈ ဧကလောက်စိုက်တယ်။ ဒီနှစ်တော့ ၁ ဧကပဲစိုက်တယ်” ဟု တောင်သူက ပြောသည်။

    ကျိုက်မရောနှင့် ဘီလင်းဒေသများတွင်လည်း ပဲတီးစိမ်းနှင့် မတ်ပဲကိုသာ အဓိကထားစိုက်ပျိုးကြပြီး နေကြာများကို အိမ်တွင်းစားသုံးရန်အတွက်သာ စိုက်ကြပျိုးလေ့ရှိကြောင်း သိရသည်။

    လက်ရှိတွင် နေကြာဆီတစ်ဂါလံ (ဆယ်ပိဿာဂါလံ) ၁ သိန်း ၃ သောင်းခန့်ဈေးရရှိနေပြီး၊ နေကြာအကောင်းစား ၁ ဧကတွင် နေကြာစေ့ ၁၅ တင်းထွက်ကာ ဆီ ၅ ဂါလံခန့်ရရှိနိုင်သော်လည်း စိုက်ပျိုးစရိတ်များသောကြောင့် အကျိုးမြတ်ရရှိမှုနည်းနေကြောင်း တောင်သူတို့ဆိုသည်။

    သို့သော် သာမန်ပဲအမျိုးအစား ၁ ဧကတွင် ပဲ ၅ တင်းခန့်ထွက်ရှိပြီး၊ ပဲအကောင်းစား သို့မဟုတ် လယ်မြေကောင်းသည့် နေရာများတွင် ၁၀ တင်းကျော်အထိ ထွက်ရှိသည့်အပြင် စိုက်ပျိုးစရိတ်နည်းပါးခြင်းကြောင့် အဆင်ပြေကြောင်း ပြောဆိုလျှက်ရှိသည်။

    ဘီလင်းမြို့နယ်မှ တောင်သူတစ်ဦးက “ပဲစိုက်တာက နေကြာထက် ပိုလွယ်တယ်။ အထွက်လည်းများတယ်။ ဈေးကောင်းလည်းရတယ်။ ဒါကြောင့် တောင်သူတွေ ပဲကိုပဲ စိုက်လာကြတာ” ဟု ပြောသည်။

    မတ်ပဲ၊ ပဲတီစိမ်း၊ ပဲပုပ်၊ ပဲတီစိမ်းရွှေဝါနှင့် နေကြာတို့ကို အဓိကထားစိုက်ပျိုးကြပြီး ချောင်ဆုံ၊ ကျိုက်ထို၊ ဘီလင်း၊ သထုံနှင့်ပေါင်မြို့နယ် တို့တွင် အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။

    တစ်ဖက်တွင် ပြီးခဲ့သည့် ၂၀၂၄ စက်တင်ဘာလတွင် မွန်ပြည်နယ်အတွင်း စာသုံးဆီဖူလုံရေး ဆီထွက်သီးနှံဖြစ်သည့် နေကြာ၊ မြေပဲတို့ကို တိုးချဲ့စိုက်ပျိုးရန် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းမှ ညွှန်ကြားထားပြီး မျိုးစေ့နှင့်ဓါတ်မြေသြဇာ ထောက်ပံ့မည်ဟု ပြောဆိုထားသည်။

    သို့သော် အဆိုပါထောက်ပံ့မှုတို့ကို တောင်သူတို့ထံ တစ်ကြိမ်တစ်ခါမျှမရောက်ရှိသဖြင့် ဒေသနှင့်ကိုက်ညီသည့် သီးနှံတို့ကိုသာ စိုက်ပျိုးလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks