မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် လူငယ်တစ်ဦးကို ထိုးကြိတ်ပြီး ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က လမိုင်းမြို့မ (၃) ရပ်ကွက်၊ ဒုံဖီလမ်း (အမှိုက်ပုံအနီး) တွင် ဆိုင်ကယ်ဖြင့် သွားလာနေသည့် လူငယ်တစ်ဦးကို လူတစ်စုက ဆိုင်ကယ်ရပ်ခိုင်းစေပြီး လူကိုထိုးကြိတ်ကာ ဆိုင်ကယ်လုယူသွားခဲ့ကြောင်း လမိုင်းမြို့ခံတို့က ပြောသည်။
“အဲထိုးကြိတ်ခံရတဲ့ လူငယ်က လမိုင်းကပဲ။ သူက အဲနေရာကိုရောက်တော့ ၆ ယောက်ပါတဲ့ လူတစ်စုက သူ့ကို ထိုးကြိတ်ပြီး ဆိုင်ကယ်လုယက်သွားတယ်။ ၃ ချက် ထိုးခံလိုက်ရတယ်။ သူ့ဆိုင်ကယ် Wave 125 တော့ ပါသွားတယ်” ဟု လမိုင်းမြို့ခံတစ်ဦးက ပြောသည်။
ဆိုင်ကယ်လုယက်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး လမိုင်းမြို့ အုပ်ချူပ်ရေးမှူးရုံးတွင် တိုင်ကြားထားကြောင်း၊ လမိုင်းမြို့တွင် ယခုကဲ့သို့ ဆိုင်ကယ်လုယက်သည့်ဖြစ်စဉ် ဖြစ်ပွားလေ့မရှိကြောင်း ဆိုသည်။
“ဒီလိုဖြစ်စဉ်မျိုးက လမိုင်းမြို့ပေါ်မှာတော့ မဖြစ်တာ ကြာပါပြီ။ လမိုင်းမြို့အနီးအနားက ကော့ဒွတ်၊ သောင်ပြင်ကျေးရွာတွေဘက်မှာပဲ မကြာခန ဖြစ်လေ့ရှိတယ်” ဟု အထက်ပါ လမိုင်းမြို့ခံက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း ရေးမြို့နယ်၊ သင်္ဃန်းကျွန်းကျေးရွာတွင် မောင်အောင်ကျော်နိုင်နှင့် ၎င်း၏တူဖြစ်သူတို့က သင်္ဃန်းကျွန်းကျေးရွာမှ အာရုတောင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် သွားချိန် ဆက်သွယ်ကျေးရွာ သင်္ချုင်းကုန်းအရောက်တွင် အမည်မသိ လူနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ထွက်လာပြီး ဓားပြခြိမ်းခြောက်ကာ ဆိုင်ကယ်လုယူမှု ဖြစ်ပွားခဲ့သေးသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် ရေးမြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသည့်အတွက် ခိုးဆိုးလုယက်မှုဖြစ်စဉ် မကြာခဏဖြစ်ပွားနေသည့်အပြင် လက်နက်ဖြင့် ခြိမ်းခြောက်ပြီး လုယက်သည့်ဖြစ်စဉ်လည်း မကြာခဏ ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။