spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းပေါင်မြို့တွင် PDF ထောက်ပံ့သည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူများ အဆက်သွယ်မရရှိ

    ပေါင်မြို့တွင် PDF ထောက်ပံ့သည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသူများ အဆက်သွယ်မရရှိ

    -

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့်ပတ်သတ်ဆက်နွယ်နေသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးထားသည့် ဒေသခံ ၆ ဦးတို့ကို  ပေါင်မြို့မရဲစခန်းတွင် မထိန်းချုပ်ဘဲ မည်သည့်နေရာတွင်ထိန်းသိမ်းထားသည်ကို မသိရခြင်းကြောင့် ယနေ့အထိ အဆက်သွယ်ပြတ်တောက်နေကြောင်း  ဒေသတွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။ 

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်တွင် စစ်ကောင်စီမှ ပေါင်မြို့နယ် မီးသတ်ဦးစီးမှူး၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုဦးစီးမှူး၊ လုပ်ငန်းရှင်များအပါအဝင် ၆ ဦးကို လာရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။ 

    စစ်ကောင်စီတပ်မှ ဥတ္တံတားအတွင်းရွာမှ PDF အဖွဲ့ဝင်ဟုစွပ်စွဲကာ ဖမ်းဆီးထားသည့် ကျူရှင်ဆရာတစ်ဦးထံမှ ရရှိထားသည့် သက်သေအချက်အလက်တို့အရ ၎င်းနှင့်ပတ်သတ်ဆက်နွယ်သည့် ပေါင်ဒေသခံတို့ကို လိုက်လံဖမ်းဆီးလျှက်ရှိသည်။

    “ PDF ခေါင်းဆောင်တစ်ယောက်ကိုမိတယ်၊ သူ့ရဲ့ဖော်ချက်အရ ဘယ်သူ ပါဝင်ပတ်သက်တယ်၊ ဘယ်သူလှူဒါန်းထားလည်းဆိုတာစာရင်းရသွားတယ်၊ သူနဲ့ပတ်သတ်တဲ့လူကို လိုက်ဖမ်းတယ်၊ စစ်တပ်ကတော့အကြမ်းဖက် ဥပဒေနဲ့ တရားစွဲမှာပေါ့နော်၊ သထုံဘက် စစ်ကြောရေးကို ခေါ်သွားတာပဲ တပ်က ခေါ်သွားတာ ဆိုရင်ဘာမှ လုပ်လို့မရဘူး၊  အိမ်နဲ့တော့ အဆက်သွယ် မရသေးဘူး၊ သူတို့ကရဲကိုအပ်တော့မှပဲ တွေ့လို့ရမယ် ”  ဟု ပြောသည်။ 

    ဖမ်းဆီးခံထားရသူများကို ယနေ့ အထိရဲလက်ထံလွှဲအပ်ပေးခြင်းနှင့် မိသားစုဝင်ထံ အကြောင်းကြားပေးခြင်းမျိုးမရှိခြင်းကြောင့် စစ်ကြောရေးတွင်စစ်ဆေးနေဆဲဖြစ်နိုင်သည်ဟု ၎င်းဒေသခံက ဆက်ပြောသည်။  

    ဖမ်းဆီးခံထားရသူများသည် ပေါင်မြို့နယ် မီးသတ်ဦးစီးမှူး ဦးမြတ်ကိုကို ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ၊ဦးကျော်မျိုးလှိုင်၊ တော်ဝင်ဘော်ဒါပိုင်ရှင် ကိုဇာနည်၊ လုပ်ငန်းရှင်များဖြစ်သည့် ဦးမိုးငယ်၊  ဦးဇော်ဝင်မြင့် နှင့် ဒေါ်ကျော့ကျော့စံတို့ဖြစ်ကြောင်းသိရသည်။  

    ထို့ပြင်ပေါင်မြို့နယ်၊ ဥတ္တံတားအတွင်းရွာတွင် PDF အဖွဲ့ထောက်ခံသူတို့ရှိသလို စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့၊ သတင်းပေးအဖွဲ့လည်းရှိသောကြောင့် စစ်ကောင်စီဘက်မှ ဖမ်းဆီးမှု၊ တော်လှန်ရေးအဖွဲ့တို့၏ ဒလန်စွပ်စွဲသတ်ဖြတ်မှုမကြာခဏဖြစ်ပွားလေ့ရှိသည်ဟုသိရသည်။ 

    ဖေဖော်ဝါရီ  ၂၆ ရက်တွင်လည်း စစ်မှူးထမ်းပိုက်ဆံတောင်းခံသည့် ညောင်ကုန်းကြီးရွာ အုပ်ချုပ်ရေးမှူးနှင့်ဇနီးကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ လာရောက်ပစ်ခတ်သွားသဖြင့် ဦးမြင့်စိုးဆိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက သေဆုံး သွားရသည်ဟု ပေါင်မြို့ခံတစ်ဦးကပြောသည်။ 

    “ တစ်ရွာလုံးက PDF နဲ့ပတ်သတ်တာတွေများတယ်၊ စစ်တပ်ဘက်က မစစ်ဘူး သတင်းရမှဝင်ဝင်လုပ်သွားတယ်၊ သတင်းရရင် ညဘက်ဖြစ်ဖြစ် အချိန်မရွေးဝင်ဖမ်း သွားတာ ပြည်သူ့စစ်လည်းရှိတယ်၊  သတင်းပေးလည်းရှိတော့ သတင်းရရင်ရောက်ချတယ်ပေါ့၊ နှစ်ဖက်လုံး ကတော့သတင်းပေးရှိပါတယ်” ဟု ၎င်းကပြောသည်။ 

    ပေါင်မြို့နယ် ၊ ဥတ္တံတားအတွင်းရွာမှ ကျူရှင်ဆရာ ဦးရဲထွန်းနိုင်ကိုစစ်ကောင်စီမှ ဖမ်းဆီးခဲ့သည့်အပြင် ၊ ၂၀၂၄ နိုဝင်ဘာ ၅ ရက်တွင် အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်စပ်နေသည်ဟုဆိုကာ ဥတ္တံတားအတွင်းရွာတွင် နေအိမ် ၆ လုံးကိုစစ်ကောင်စီမှ ချိပ်ပိတ်ခဲ့ကြောင်းဒေသတွင်း သတင်းအရင်း အမြစ်များ အရသိရသည်။ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks