spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းအနန်းကွင်းအနီးတဝိုက်ကို စစ်ကောင်စီ‌ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ထိခိုက်သေဆုံးမှုရှိ

    အနန်းကွင်းအနီးတဝိုက်ကို စစ်ကောင်စီ‌ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ထိခိုက်သေဆုံးမှုရှိ

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းအနီးတဝိုက်ရှိ ပန်းအောင်ကျေးရွာ၊ ခွန်နဝါကျေးရွာတို့ကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူထိခိုက်သေဆုံးမှုလည်းရှိသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

    ယမန်နေ့ နေလည်အချိန်ခန့်က အနန်းကွင်းကျေးရွာအနီးရှိ ပန်းအောင်ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းရှိ ရဟန်းတော်နှစ်ပါး၊ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြသည်ဟု ဆိုသည်။

    ပန်းအောင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် အနီးနားရှိ ခွန်နဝါကျေးရွာကိုလည်း စစ်ကောင်စီက လေယာဉ်ဖြင့် ဆက်လက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခွန်နဝါကျေးရွာနေ ဒေါ်နော်သစ်ကောဆိုသည့် အမျိုးသမီး သေဆုံးသွားခဲ့ပြီး၊ အခြားအမျိုးသမီး ၃ ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်ဟု သတင်းအရင်းအမြစ်တို့က ပြောသည်။

    “ဒီကြားထဲမှာ စကစက အနန်းကွင်းဒေသတစ်ဝိုက်မှာ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ် ပြုလုပ်လာတယ်။ ပြီးတော့ ကင်းထောက်ပျံသန်းမှုတွေလည်း နေ့တိုင်းနီးပါးပဲ။ မနေ့က ပန်းအောင်ဘုန်းကြီးကျောင်းထဲကို တိုက်ခိုက်ခဲ့တယ်။ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိခဲ့တယ်” ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပန်းအောင်ကျေးရွာ ဘုန်းကြီးကျောင်း၊ ခွန်နဝါကျေးရွာ ဘုန်းကြီးကျောင်းအပါအဝင် အနီးနားရှိ နေအိမ် ၃ လုံးထက်မနလည်း ထိမှန်ပျက်စီးသွားခဲ့သည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကလည်း အနန်းကွင်းကျေးရွာအနီးရှိ တညင်ကျေးရွာကို စစ်ကောင်စီက Y8 လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

    “ဒါက တို့ရွာဘေးနားက ရွာရဲ့အခြေအနေပါ။ တို့ရွာကတော့ ဘာကိုမှ ရစရာ မရှိတော့တာ။ အိမ်၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းရော၊ အသီးအနှံထွက်တဲ့ခြံတွေကလည်း အကုန်မီးလောင်ဆုံးရှုံးခဲ့ ပြီးပြီ။ ဘာမှမတတ်လို့သာ သူများရွာမှာ လိုက်နေနေရတာပါ။ ရွာတွေ ပျက်စီးတာကို ကြည့်ပြီး စိတ်ဓာတ်တွေလည်း ကျနေကြပါပြီ” ဟု အနန်းကွင်းကျေးရွာမှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

    ၂၀၂၄ ခုနှစ်၊ ဇွန်လခန့်မှစပြီး ဖြစ်ပွားခဲ့သည့် အနန်းကွင်းစခန်းသိမ်းတိုက်ပွဲကြောင့် အနီးတစ်ဝိုက်ရှိ ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံပြည်သူ ထောင်နှင့်ချီတို့သည် နေရပ်စွန့်ခွာကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်မှာ ယနေ့ထိပင်ဖြစ်သည်။

    တိုက်ပွဲဖြစ်ပွားနေသည့် အနန်းကွင်းရွာအပါအဝင် ပန်းအောင်၊ ပုတော၊ တညင်၊ ဖာယာ၊ ဇီးနှစ်ပင် စသည့် ကျေးရွာတို့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ လှုပ်ရှားသွားလာနေ့သည့် ယူဆချက်ဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်ဖြင့် ကင်ထောက်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခြင်းတို့ကို ဆက်တိုက်ပြု လုပ်နေသည့်အပြင် မြေပြင်တွင် စစ်ကောင်စီတပ်တို့က နေအိမ်များ လိုက်လံမီးရှို့နေသည်လည်း ရှိသည်။

    လက်ရှိတွင် စစ်ရေးပစ်မှတ်မဟုတ်သည့် ဘာသာရေးအဆောက်အဦးများ၊ ဆေးရုံများ၊ စာသင်ကျောင်းများ၊ အရပ်သားပြည်သူများ နေထိုင်သည့်နေရာများကို စစ်ကောင်စီက စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာသည့်အတွက် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ် လုံခြုံရေး၊ အသိ သတိဖြင့် နေထိုင်သွားလာကြရန် အဆိုပါဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့တို့က သတိပေးတိုက်တွန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks