Sunday, March 29, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများ မရှိသလောက်နည်းပါးနေပြီးဟု DKBA ဆို

    ဘုရားသုံးဆူမြို့တွင် တရုတ်နိုင်ငံသားများ မရှိသလောက်နည်းပါးနေပြီးဟု DKBA ဆို

    -

    ထိုင်း- မြန်မာနယ်စပ် ၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူဒေသအတွင်း ရောက်ရှိနေသည့် တရားမဝင်တရုတ်နိုင်ငံသားများ DKBA ဘက်မှစာထုတ်ပြန်ထားသည့်နောက် နေရပ်ပြန်သွားကြသဖြင့် မရှိသလောက်နည်းပါးသွားပြီးဟု DKBA တာဝန်ရှိသူတစ်ဦးကပြောသည်။

    မြဝတီရွှေကုက္ကိုလ်လမ်းပိုင်းမှတစ်ဆင့် တရုတ်နိုင်ငံသား ၈၀ ဝန်းကျင်ကို ပြီးခဲ့သည့်ရက်ပိုင်းက ပို့ဆောင်ပေးခဲ့သည့်အပြင် ၁၃ မျဉ်းစောင်းမြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ထားသည့် ကိုးကန့်တရုတ်လူမျိုးတို့လည်း ကိုယ်တိုင် ထွက်ခွာနေပြီးဖြစ်သည်ဟု ဘုရားသုံးဆူဒေသရှိ DKBA ဗျူဟာလုံခြုံရေးတပ်ရင်း ၁ မှ တပ်ခွဲမှူး ဗိုလ်ကြီးစောနေလက လွတ်လပ်သောမွန်သတင်းအေဂျင်စီကိုပြောသည်။

    လက်ရှိတွင် တရုတ်နိုင်ငံသားများ မရှိသလောက်ဖြစ်နေသော်လည်း ထုတ်ပြန်စာအတိုင်း ဖေဖော်ဝါရီလနောက်ပိုင်း ဘုရားသုံးဆူမှ ထွက်ခွာရန်ကျန်ရှိနေသူတို့ကို ဖမ်းဆီးပြီး သက်ဆိုင်ရာသို့ ပြန်လည်လွှဲအပ်သွားရန်ရှိကြောင်းလည်း ဆိုသည်။

    “ လောလောဆယ်ကတော့ တရုတ်တွေတော်တော်နည်းသွားပါပြီး။ ကျန်နေတဲ့သူတွေလည်း ဒီ ၂၈ ရက်နေ့ နောက်ဆုံးပေါ့နော်၊၂၈ နောက်ပိုင်းကျန်တဲ့သူတွေ ရှိလို့ရှိရင် ကျနော်တို့ အထက်ကလူကြီးတွေကတော့ သူတို့တစ်ခုခုပြန်စီစဉ်ပြီးတော့ မထွက်တဲ့ဟာတွေကို ဖမ်းသင့်ရင်ဖမ်းမှာပေါ့နော် ပြန်အပ်သင့်ရင်လည်းပြန်အပ်မှာပေါ့၊ အဲ့လိုမျိုးရှိခဲ့ တွေ့ခဲ့တယ်ဆိုရင်လည်းပြန်အပ်မှာပေါ့နော် တစ်ခုခုပြန်စီစဉ်မှာပါ” ဟု ဗိုလ်ကြီးစောနေလက ပြောသည်။

    ထို့အပြင် ဘုရားသုံးဆူမြို့တွင် ရောက်ရှိနေသည့် တရုတ်များသည် ကိုးကန့်လူမျိုး တရုတ်များသာပိုမိုများပြားကြောင်း ဆက်ပြောသည်။

    ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်အတွင်း ကာစီနိုင်လောင်းကစားလုပ်ငန်းနှင့် စားသောက်ဆိုင်လုပ်ငန်းများအားလုံး ဖေဖော်ဝါရီလကုန်အထိနောက်ဆုံးထားထွက်ခွာကြရန် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBAမှ ဖေဖော်ဝါရီ ၉ ရက်တွင်စာထုတ်ပြန်ထားသည်။

    သို့သော် လက်ရှိတွင်ဘုရားသုံးဆူမြို့နှင့် ၁၅ ကီလိုမီတာ ခန့်ကွာဝေးသည့် DKBA အဆောက်အအုံအပါအဝင် ကျုံကွီးကျေးရွာ၊ ကျော့ပလုကျေးရွာ၊ သဘာဝရေကူးကန်အနီး၊ ချောင်းဆုံကျေးရွာနှင့် ဘုရားတောင်အနီးရှိ ထီးလောင်ယှူးရေတံခွန်တို့တွင် တရုတ်နိုင်ငံသားတို့ ယာယီပြောင်းရွှေ့နေထိုင်နေဆဲဖြစ်သည်ဟု သိရသည်။

    ဘုရားသုံးဆူမြို့ခံတစ်ဦးက “ DKBA ကတော့ ရွှေကုက္ကိုလ်ဘက်ကိုသွားချင်နေတဲ့ တရုတ်တွေကို ပို့ဆောင်ပေးတယ်၊ မသွားချင်ရင်တော့ DKBA ဘက်က ပြင်ဆင်ဆောက်လုပ်ထားတဲ့နေရာမှာ နေရမယ်လို့အဲ့လိုပြောထားတယ်၊ တရုတ်တွေကသူတို့အဆောက်အအုံဘက်ကို ပြောင်းနေနေတာများတယ် ”ဟု ၎င်းက ပြော သည်။

    မြန်မာနယ်စပ်ရှိ အွန်လိုင်ငွေလိမ်လုပ်ငန်းတို့ကို နှိမ်နင်းရန်အတွက် ထိုင်းအစိုးရက မြန်မာနယ်စပ်ဒေသကို ယနေ့အထိ လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်လိုင်းများဖြတ်တောက်လိုက်သောကြောင့် ဒေသတွင်းပြည်သူများ အခက်အခဲကြုံတွေ့နေရသည်။

    ထိုင်းနိုင်ငံ၏ ဖိအားပေးမှုကြောင့် ကရင်နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားသည့် မြဝတီ၊ ရွှေကုက္ကိုလ်မြို့ရှိ ငွေလိမ်လုပ်ငန်းတွင်လူကုန်ကူးခံရသည့် နိုင်ငံခြားသားများကို BGF အဖွဲ့မှ ထိုင်းအာဏာပိုင်သို့လက်လွှဲပေးနေသလို မဲဆောက်လေဆိပ်လေဆိပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့တန်းပြီး ပို့ဆောင်နေကြောင်းလည်းသိရသည်။

    ထို့ပြင် ကရင်ပြည်နယ် ၊ မြဝတီမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၂၃ ရက်အတွင်း တရားမဝင် နိုင်ငံခြားသား ၂၂၀၀ ဦးအားစစ်ဆေးဖော်ထုတ်ခဲ့နိုင်ပြီး ၆၇၃ ဦးကို ထိုင်းမှတစ်ဆင့် သက်ဆိုင်ရာ နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်များအရသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks