spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းအွန်လိုင်းဖြင့် လုပ်ငန်းလုပ်ကိုင်နေသည့် ဘုရားသုံးဆူဒေသခံများ လုပ်ငန်းကြန့်ကြာမှုရှိလာ

    အွန်လိုင်းဖြင့် လုပ်ငန်းလုပ်ကိုင်နေသည့် ဘုရားသုံးဆူဒေသခံများ လုပ်ငန်းကြန့်ကြာမှုရှိလာ

    -

    ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရခြင်းကြောင့် အွန်လိုင်းဖြင့် အလုပ်လုပ်ကိုင်နေသူများ လုပ်ငန်းကြန့်ကြာမှုရှိလာသည်ဟု မြို့ခံတို့ထံမှ သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းမှစပြီး ထိုင်းဆင်းကဒ်အမျိုးအစားဖြစ်သည့် AIS ဖုန်းလိုင်း၊ အင်တာနက်လိုင်းတို့ကို စတင်ဖြတ်တောက်လိုက်ပြီး ယမန်နေ့တွင်လည်း  truemove နှင့် dtac ဖုန်းလိုင်းတို့ကို ထိုင်းဘက်မှ  ထပ်မံဖြတ်တောက်လိုက်သည်။

    ဖုန်းလိုင်းဖြတ်တောက်ခံရခြင်းကြောင့် တစ်နေရာနှင့်တစ်နေရာ ဆက်သွယ်၍မရတော့ဘဲ အွန်လိုင်းအလုပ်လုပ်ကိုင်နေသူများ လုပ်ငန်းကြန့်ကြာမှုရှိလာသည့်အပြင် အခက်အခဲမျိုးစုံရှိလာသည်ဟု ဘုရားသုံးဆူမြို့ပေါ် အွန်လိုင်းလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

    “ဥပမာဆို ဝယ်သူဘက်က ပစ္စည်းပို့လာပြီးလား။ ဒီလိပ်စာနဲ့ပို့ပေးလို့ရလား မေးလာတယ်။ လိုင်းမရတော့ ဘာမှ ပြန်ပြောလို့မရဘူး။ သူတို့ဘက်က အမြန်လိုချင်လည်း ကိုယ်ကလုပ်ပေးလို့မရဘူး။ တစ်နေရာနဲ့တစ်နေရာလည်း ဆက်သွယ်လို့မရနေဘူး။ ပစ္စည်းရောက်မရောက်လားသိဖို့ကလည်း ကားဂိတ်ကိုဆက်လို့မရ၊ သူတို့(ဝယ်သူတွေ) ကို ချက်ချင်းအကြောင်းမပြန်ပေးနိုင်တော့ စိတ်ဆိုးတာတွေရှိတယ်။ ပြဿနာမျိုးစုံပါပဲ” ဟု သူက ပြောသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့ကစပြီး ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းကို နှိမ်နင်းနိုင်ရေးအတွက် ထိုင်းအစိုက ဘုရားသုံးဆူမြို့အပါအဝင် နယ်စပ်တစ်လျှောက်ရှိ နေရာ ၅ ခုကို လျှပ်စစ်မီး၊ လောင်စာဆီ ဖြတ်တောက်ခဲ့ပြီး ယခုတွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများကိုပါ ဖြတ်တောက်ခြင်း ဖြစ်သည်။

    ဘုရားသုံးဆူမြို့တွင် အွန်လိုင်းဖြင့်အလုပ်လုပ်ကိုင်နေသူများ လုပ်ငန်းကြန့်ကြာမှုရှိလာသည့်အပြင် အရေးပေါ် တစ်စုံတစ်ရာဖြစ်ပွားရာတွင်လည်း ဒေသခံပြည်သူတို့အကြား ဆက်သွယ်မှုအခက်အခဲရှိလာသည်ဟု မြို့ခံတို့ ထံမှ သိရသည်။

    “တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်တဲ့အခါမှာ အခက်အခဲတွေရှိလာတယ်။ ခုဆို သူများအိမ်က Wifi ကပ်သုံးနေရတယ်။ Wifi က အိမ်မှာပဲ သုံးလို့ရတယ်။ အိမ်ကနေထွက်ရင် Wifi သုံးလို့မရတော့ဘူးလေ။ အပြင်သွားလို့ လမ်းမှာတစ်ခုခုဖြစ်ရင်လည်း ဖုန်းဆက်လို့မရပြန်ဘူး။ ဒါမဲ့ အခုက Atom ဆင်းကဒ်တော့ လိုင်းရသေးတယ်” ဟု ဆိုသည်။

    လက်ရှိဘုရာသုံးဆူမြို့ခံအများစုတို့ မြန်မာဆင်းကဒ် Atom ကို ဖုန်းလိုင်းရရှိသည့်အချိန်အလိုက် အဆင်ပြေသလိုအသုံးပြုလျှက်ရှိသည်။

    သို့သော် ငွေကြေးတတ်နိုင်သည့် မြို့ခံတို့နှင့် လုပ်ငန်းရှင်တို့မှ မိမိတို့တတ်နိုင်သည့်ငွေကြေးပမာဏအလိုက် Solar တပ်ဆင်ထားကြပြီး လျှပ်စစ်မီး၊ ရေ၊ Wifi အဆင်ပြေစွာ အသုံးပြုနေကြကြောင်း ဒေသခံတို့က ဆိုသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks