spot_img
Thursday, March 5, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်မြို့ပေါ်သို့ရောက်ရှိနေသည့် စစ်ဘေးရှောင်များ စစ်ကောင်စီအဖွဲ့ထံ စာရင်းပေးသွင်းရ

    မွန်ပြည်နယ်မြို့ပေါ်သို့ရောက်ရှိနေသည့် စစ်ဘေးရှောင်များ စစ်ကောင်စီအဖွဲ့ထံ စာရင်းပေးသွင်းရ

    -

    မွန်ပြည်နယ် မြို့ပေါ်ရပ်ကွက်အတွင်းသို့ ရောက်ရှိနေသည့် ယာယီနေရပ်စွန့်ခွာ စစ်ဘေးရှောင်များ သက်ဆိုင်ရာ ရပ်/ ကျေးအုပ်ချုပ်ရေးမှုးများထံ ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစပြီး အမည်စာရင်းပေးသွင်းနေရကြောင်း သိရသည်။

    မော်လမြိုင်မြို့အပါအဝင် မုဒုံ၊ သံဖြူဇရပ်စသည့်မြို့ပေါ်အတွင်းရှိ ဘုန်းကြီးကျောင်း၊ နေအိမ်အငှားအပါအဝင် တစ်နည်းတစ်ဖုံ ဝင်ရောက်နေထိုင်နေသူအားလုံးတို့ စာရင်းပေးသွင်းနေရသည်။

    တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာ ရောက်ရှိလာသူများအနေဖြင့် စာရင်းမှန်ကန်မှုရရှိရေးနှင့် ပြန်လည်ထွက်ခွာမည်ဆိုပါက သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှုးများထံ အကြောင်းကြားရန် စစ်ကောင်စီပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားထားကြောင်း အုပ်ချုပ်ရေးမှုးနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

    “စစ်ရှောင်လာတဲ့သူတွေကို စာရင်းကောက်ဖို့ သူတို့(စကစ)ပြောထားတယ်။ သူတို့ပြောတာကတော့ အကူအညီ လိုရင် အကူအညီပေးဖို့ပေါ့လေ။ အဓိကက တိမ်းရှောင်လာတာ ဘယ်နှယောက်လဲ။ ဘယ်ကလာလဲ။ ဘယ်ရွာက လဲ အဲ့လိုတွေမေးတယ်။ စစ်ရှောင်တွေ ဒီကနေပြန်သွား ရင်လည်း သူတို့ဆီ သတင်းပြန်ပို့ပေးရတယ်”ဟု သူက ပြောသည်။

    လက်ရှိစာရင်းကောက်ခံမှုသည် ငွေကြေးအထောက်အပံ့ပေးရန်ဟု ဆိုသော်လည်း ကိုယ်ရေးအချက်အလက်ပေးဆောင်ထားရသည့်အပေါ် စိုးရိမ်မကင်းဖြစ်နေကြောင်း စစ်ဘေးရှောင်သူတို့က ဆိုသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်အဖွဲ့က ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများအား ငွေကြေးထောက်ပံ့ပေးသည့် အခမ်းအနားကို မော်လမြိုင်ရှိ ပြည်နယ်ခန်းမတွင် ကျင်းပခဲ့သည်။

    အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ် စစ်ဘေးရှောင်ပြည်သူတို့ကို တစ်ဦးလျှင် ကျပ်နှစ်သောင်းနှုန်း ဖြင့် ထောက်ပံပေးမည်ဟု ဆိုသော်လည်း စစ်ဘေးရှောင်ပြည်သူအများစုက မရရှိသေးကြောင်း စုံစမ်းသိရှိရသည်။

    ဂျိုင်းမြစ်မှ စစ်ဘေးရှောင်တစ်ဦးက "ကျွန်မတို့ ထောက်ပံ့ကြေးမရသေးဘူး။ ရွာကိုပြန်သွားသေးတယ်။ စာရင်းမဝင်သေးလို့ ကိုယ့်အလှည့် မရောက်သေးလို့ဆိုပြီး မရလာခဲ့ဘူး။ မရတဲ့သူကပိုများတယ်။ ရတဲ့သူကနည်းတယ်။ ရွာပြန်သွားတာ ကားခအများကြီးကုန်လို့ နားလိုက်တယ်။ မယူတော့ဘူး။ မြို့မှာလည်း ရတဲ့သူတွေရှိတယ်။ အကုန်လုံးရတာ တော့မဟုတ်ဘူး။ စာရင်းဝင်တဲ့သူတွေတော့ ရတယ်”ဟု ပြောသည်။

    စစ်ဘေးရှောင်တစ်ဦးလျှင် ကျပ်နှစ်သောင်းနှုန်းဖြင့် စုစုပေါင်း သိန်း ၃၇၀၀ ကို ထောက်ပံ့ပေးခဲ့သည့်အပြင် အခြားအလှူရှင်တို့ထံမှလည်း ဆန်နှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်ဟု မွန်ပြည်နယ် စစ်ကောင်စီအဖွဲ့က ထုတ်ပြန်ထားသည်။

    အလားတူ စစ်ရေးပဋိပက္ခပြင်းထန်နေသည့် ဘီးလင်း၊ ကျိုက်ထို၊ သထုံ၊ ရေး၊ သံဖြူဇရပ်ဒေသဘက်က စစ်ဘေးရှောင် ပြည်သူအများစုကလည်း ပြည်နယ်စစ်ကောင်စီပေးသည့် ငွေကြေးအထောက်အပံ့မရကြကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့တို့ထံမှ သိရသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့အကြား စစ်ရေးပဋိပက္ခကြောင့် နေ့ရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် နှစ်သိန်းကျော်ရှိနေသည် မွန်ပြည်နယ် စစ်ဘေးရှောင်းအရေး စောင့်ကြည့်နေသူတို့၏ အချက်အလက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks