spot_img
Sunday, July 27, 2025
More
    spot_img
    Homeသတင်းလက်ရှိထိုင်းနိုင်ငံတွင် ဖြစ်ပေါ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပတ်သက်ပြီး FED အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်နှင့် ဆက်သွယ်မေးမြန်း

    လက်ရှိထိုင်းနိုင်ငံတွင် ဖြစ်ပေါ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပတ်သက်ပြီး FED အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်နှင့် ဆက်သွယ်မေးမြန်း

    -

    ထိုင်နိုင်ငံတဝန်းရှိ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာ တရားစီရင်ပိုင်ခွင့်အတွင်းမှနေ၍ နိုင်ငံခြားသားများ၏ အပြုအမူများကို စောင့်ကြည့် ကြပ်မတ်ရန် ထိုင်းရဲချုပ် Kitrat Panphet က ဖေဖော်ဝါရီ ၁၇ ရက်တွင် အရေးပေါ် အမိန့် ထုတ်ပြန်ခဲ့သည်။

    အဆိုပါအမိန့် ထုတ်ပြန်ပြီးချိန်မှစတင်ကာ ထိုင်းနိုင်ငံ၏ အဓိက မြို့ကြီးများဖြစ်သည့် ဘန်ကောက်၊ ချင်းမိုင်အပြင် နေရာအနှံ့တွင် စီးနင်းရှာဖွေမှုများ ခပ်စိပ်စိပ်ဖြစ်လာခဲ့ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားများအပါအဝင် ဖမ်းဆီးခံရမှုများလည်း နေ့စဉ်နှင့်အမျှ ရှိလာသည်။

    ၎င်းပြင် ထိုင်းဒေသခံပြည်သူမျအနေဖြင့်လည်း အစိုးရနှင့်ပူးပေါင်းကာ သတင်းပေးတိုင်တန်းမှုများလုပ်နိုင်ကြောင်း ကြေညာချက်ကြောင့်လည်း ပိုမိုသတိထားရန် လိုအပ်ကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားသူများက သတိပေးပြောဆိုမှု ရှိလာသည်။

    လက်ရှိထိုင်းနိုင်ငံတွင် ဖြစ်ပေါ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးနှင့် ပတ်သက်ပြီး ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်နှင့် ဆက်သွယ်မေးမြန်းထားသည်။

    မေး ။ ။ လက်ရှိ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်ပြီး ဘာတွေ ဖြစ်ပေါ်နေလဲ။

    ဖြေ ။ ။ အခုကျွန်တော်တို့လက်ရှိ မြန်မာနိုင်ငံကလာပြီးတော့ လုပ်ကိုင်စားသောက်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အခြေအနေဆိုလို့ရှိရင် ကျွန်တော်တို့ နှစ်ပေါင်း နှစ်ဆယ်ကျော်လုပ်ခဲ့တဲ့ အတွေ့အကြုံအရ ဆိုလို့ရှိရင်တော့ ဒါက အဆိုးဆုံးအခြေအနေတွေလို့ ကျွန်တော်တို့ ပြောလို့ရတယ်။ ဆိုလိုချင်တာက ကျွန်တော်တို့ နယ်စပ်ဒေသတွေမှာဆိုလို့ရှိရင်လည်း ကျွန်တော်တို့ ဒီနေ့တိုင်းနီးပါး ဖမ်းဆီးအရေးယူမှုတွေ ရှိတယ်။ ထိုင်း နိုင်ငံထဲမှာဆိုရင်လည်း အလုပ်မတူဘူးဆိုပြီးတော့ စျေးရောင်းတဲ့လူတွေ၊ ထိုင်းအစိုးရအနေနဲ့ သတ်မှတ်ထားတဲ့ အလုပ်တွေနဲ့ မသက်ဆိုင်ဘဲနဲ့ လုပ်တဲ့ မြန်မာနိုင်ငံသားတွေက နေ့စဉ်နှင့်အမျှ ဖမ်းဆီးခံထားရတယ်။ နောက် တချိန်ထဲမှာပဲ ကျွန်တော်တို့က ထိုင်း မျိုးချစ်လို့ပဲပြောပြော၊ ရွှေ့ပြောင်းအလုပ်သမား မုန်းတီးရေးအုပ်စုပဲပြောပြော မြန်မာနိုင်ငံကလူဆိုရင် မဘသ လိုမျိုး ထိုင်းတွေကအစ ကျွန်တော်တို့ လုပ်ငန်းခွင်တွေအထိ၊ လိုက်ကြည့်ပြီးတော့ တိုင်တန်းတာတွေ၊ ဖမ်းဆီးတာတွေလည်း နေ့စဉ်နှင့်အမျှ ကျွန်တော်တို့ တွေ့ကြုံနေရတယ်။ ပိုဆိုးတာက ကျွန်တော်တို့ ဖမ်းမိပြီးတော့ မြန်မာပြည်ပို့လို့ရှိရင်လည်း ကျွန်တော်တို့ စစ်မှုထမ်းဥပဒေနဲ့ညိပြီးတော့ စစ်မှုထမ်းဖို့ တစ်ခါထဲ ခေါ်သွားခံနေရတယ်ဆိုတာမျိုး နေ့တိုင်းနီးပါး ကြားနေရပါတယ်။ အဓိကအားဖြင့် အခြေခံအားဖြင့် ဟိုးအရင်တုန်းက ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ ဒီအလုပ်တွေမလုပ်ရ၊ မလုပ်ဖို့ သတ်မှတ်ထားတဲ့ ဥပဒေတွေ ရှိတယ်။ ဒါပေမယ့် ဒီလောက်ထိ တင်းတင်းကြပ်ကြပ်ကြီးကို ဥပဒေအတိုင်း ထိုင်းအာဏာပိုင်တွေက ကျွန်တော်တို့ လိုက်နာဆောင်ရွက်တာတွေ သိပ်တော့မရှိဘူး။ ဆိုတော့ အခုနှစ်ပိုင်းအတွင်းမှာ ကျွန်တော်တို့ တွေ့နေရတယ်။ ဥပမာအားဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ စျေးရောင်းတဲ့ ကိစ္စတွေဆိုလို့ရှိရင် ဒါနဂိုထဲကတော့ ထိုင်းအစိုးရအနေနဲ့ ထိုင်းအာဏာပိုင်တွေ ခွင့်မပြုထားဘူး။ ဒါပေမယ့် ဒီလိုပဲ ရောင်းနေကြတာ တွေ့တယ်။ ဒါပေမယ့် အခု အဲဒီလို မဟုတ်တော့ဘူး။ အဲဒီကိစ္စတွေရဲ့ နောက် အလုပ်မတူတာပေါ့ဗျာ၊ ဆိုလိုချင်တာက ပန်းရံလုပ်မယ်ဆိုပြီးတော့ ကျွန်တော်တို့ မှတ်ပုံတင်ထားပြီးတော့ စျေးသွားရောင်းနေတာတို့၊ စျေးရောင်းမယ် မှတ်ပုံတင်ပြီး ပန်းရံလုပ်တာတို့၊ တခြား ဒီဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းတွေ၊ အဲ့လိုမျိုး တခြား စက်ရုံအလုပ်ရုံတွေ လုပ်တာပေါ့။ အဲ့တာတွေကအစ သူတို့က စနစ်တကျ စိစစ်ပြီးတော့ စစ်တာမျိုးတွေ တကယ့်ကို စစ်ဆင်ရေး တစ်ခုအနေနဲ့ လိုက်လံစစ်ဆေးဖမ်းဆီးမှုတွေက တော်တော်လုပ်နေတာမျိုး တွေ့ရတယ်။

    မေး ။ ။ ထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေ ဖမ်းဆီးခံနေရာတာ ဘာကြောင့်လဲ?

    ဖြေ ။ ။ အဓိကကတော့ အခြေခံအားဖြင့် ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ ဒီ ထောင်သောင်းချီတဲ့ ကျွန်တော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေက မြန်မာနိုင်ငံကနေ နေ့စဉ်နှင့်အမျှ တရားမဝင် အထောက်အထားမဲ့ ဖြတ်ကျော်လာတာတွေကလည်း အခြေခံတယ်။ နောက်တစ်ခုက မကြာသေးခင်က ဖြစ်သွားတဲ့ အွန်လိုင်းလိမ်လည်မှု ကျားဖြန့်ကလည်း နိုင်ငံတကာလူကုန်ကူးမှုတွေနဲ့လည်း ဆက်စပ်တယ်။ ဒါကို သက်ဆိုင်ရာ ထိုင်းအစိုးရတွေကလည်း သူ့နိုင်ငံထဲမှာ လူကုန်ကူးမှု၊ တရားမဝင်မှုကိစ္စတွေကို ဆောင်ရွက်မယ်ဆိုတော့ ဒါဟာ ကျွန်တော်တို့ အဓိက တိုက်ရိုက်ရော၊ သွယ်ဝိုက်ရော အဓိကခံရတာက ကျွန်တော်တို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေလို့ ကျွန်တော်တို့ ပြောလို့ရတယ်။ အခု အဲ့တာကြောင့်မလို့လည်း ထိုင်းအစိုးရအနေနဲ့က ရွှေ့ပြောင်းအလုပ်သမားဆိုတဲ့ ခေါင်းစဉ်အောက်မှာ လိုက်ပြီးတော့ ပိုမိုတင်းကြပ်မှုတွေ လုပ်တော့ အဓိကအားဖြင့်တော့ ရွှေ့ပြောင်းအလုပ်သမားဆိုတာကလည်း ထိုင်းနိုင်ငံမှာက ၈၀ ရာခိုင်နှုန်းလောက်ရှိတော့ ကျွန်တော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေက ပိုပြီးခံနေရတယ်။ နောက်တစ်ခုကလည်း ဟိုးအရင်နဲ့မတူတဲ့ကိစ္စက ကျွန်တော်တို့ နွေဦးတော်လှန်ရေးနောက်ပိုင်းမှာကျမှခေါ်တဲ့ Mixed Migration ရောထွေးနေတဲ့ ရွှေ့ပြောင်းသွားလာမှုတွေ တွေ့နေရတယ်။ ဆိုလိုတာက အရင်တုန်းကတော့ အလုပ်အကိုင်ရှားပါးလို့ သာမာန်လာလုပ်စားကြတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေက အများစုဖြစ်ပေမယ့် အခုကျွန်တော်တို့ဆိုလို့ရှိရင် အသိပညာရှင် အတတ်ပညာရှင် ရွှေ့ပြောင်းအလုပ်သမားတွေ ပရော်ဖက်ရှင်နယ် ရွှေ့ပြောင်းအလုပ်သမားတွေ အများကြီးပါလာတာတွေ့ရတယ်။ အဲ့တာတွေက ဘာတွေလည်းဆိုရင် ကျန်းမာရေးဝန်ထမ်းတွေ၊ ပညာ‌ရေးဝန်ထမ်းတွေ၊ တခြား ဌာနဆိုင်ရာ တာဝန်ရှိတဲ့လူတွေ၊ သတင်းစာဆရာတွေ၊ စီးပွားရေးလုပ်ငန်းရှင်၊ အလယ်အလတ်တန်းစားတွေကအစ အများကြီးပါလာတယ်။ အဲဒီ ရောထွေးတဲ့ ရွှေပြောင်းသွားလာမှုကလည်း ထိုင်းနိုင်ငံထဲမှာ ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကျွန်တော်တို့ ကျော်လွန်ပြီးတော့ ဥပဒေအရ အချို့လူတွေကလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာမျိုးတွေ ကျွန်တော်တို့တွေက တွေ့နေရတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်ကဆိုလို့ရှိရင် အထောက်အထားမရှိတဲ့ မပြည့်စုံဘဲနဲ့ ဖွင့်တဲ့ ရွှေ့ပြောင်းအလုပ်သမား ကျောင်းတွေ ပိတ်ခံထိတာတို့ CDM ဆရာ၊ ဆရာမတွေ ဖမ်းပြီးတော့ မြန်မာပြည်ပြန်ပို့ခံရတဲ့ အနေအထားတွေ ရှိတာတို့ ဆက်တိုက်ကြုံခဲ့ရတာပေါ့။

    မေး ။ ။ ဒီလိုအခြေအနေမှာ ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဘာတွေ သတိထားသင့်ပါသလဲ။

    ဖြေ ။ ။ အဓိကကဗျာ အခြေခံအားဖြင့် ထိုင်းနိုင်ငံ ပြီးခဲ့တဲ့နှစ်ကလည်း စတယ်။ဟိုးတစ်နှစ်ကလည်း စတယ်။ သူတို့ ရံဖန်ရံခါ တရားဝင်ဖြစ်အောင် လုပ်ပေးတဲ့ လက်မှတ်တွေရှိတယ်။ အခုဆို သူတို့ကတော့ အလွယ်ခေါ်တာပေါ့ဗျာ။ ပန်းရောင်ကဒ်ကနေ နောက် CI တွေပေါ့နော်။ ဖြစ်နိုင်လို့ရှိရင်တော့ ကျွန်တော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့က ဘယ်လိုအခြေအနေပဲ ဖြစ်ဖြစ် ထိုင်းအစိုးရက ထုတ်ပေးတဲ့ စာရွက်စာတမ်းတွေကို ရအောင်လို့ လုပ်ထားသင့်တယ်လို့ ကျွန်တော့်အနေနဲ့ အခြေခံအားဖြင့် ပြောချင်ပါတယ်။ နောက်တခါ တချိန်ထဲမှာပဲ ပိုအရေးကြီးတာက သူတို့နိုင်ငံထဲမှာ ရောက်လာပြီဆိုရင်တော့ ထိုင်းနိုင်ငံက ကျင့်သုံးနေတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာလေးတွေကိုလည်း တတ်နိုင်သလောက် လေ့လာပြီးတော့ လိုက်နာကျင့်သုံးသင့်တယ်။ နောက်တချိန်ထဲမှာပဲ ထိုင်းအစိုးရက ချမှတ်ထားတဲ့ ဥပဒေတွေ ဘာအလုပ်တွေက မလုပ်ရဘူးဆိုတာထိ ဒီလောက်ထိတော့ အခြေခံ ကျွန်တော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေ လေ့လာကျင့်သုံးသင့်တယ်လို့ ကျွန်တော်အနေနဲ့ ပြောချင်တယ်။ နောက်တစ်ခုက တချိန်ထဲမှာပဲ မလိုအပ်ဘဲနဲ့ ဒေသခံပေါ့နော် ထိုင်းလူမျိုးတွေနဲ့ ပြဿနာ အတတ်နိုင်ဆုံးနည်းအောင် ကျွန်တော်တို့ နေရမယ်။ ဒီဖြစ်နိုင်လို့ရှိရင်ပေါ့ဗျာ စားတာ သောက်တာကအစ ကွမ်းတံတွေးတွေ ထွေးတာကအစ နောက်ဖြစ်နိုင်လို့ရှိရင်တော့ ထိုင်းလူ့အဖွဲ့အစည်းမှာ တတ်နိုင်သလောက် ဝင်နိုင်အောင် အဲ့လောက်ထိ ကျွန်တော်တို့က အခြေခံ ပြင်ဆင်ထားသင့်တယ်လို့ မျှော်လင့်တယ်။ အဲဒီလိုပဲ ကျွန်တော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေကို တိုက်တွန်းသင့်တယ်။ တချိန်ထဲမှာပဲ ထိုင်းဘာသာစကားကိုလည်း ဘာပဲပြောပြော အတတ်နိုင်ဆုံး ကြိုးစားသင်ယူထားသင့်တယ်။

    မေး ။ ။ ဒီလိုအခြေအနေတွေက မြန်မြန်ပြီးသွားဖို့ရှိလား။

    ဖြေ ။ ။ ဆိုတော့ လက်ရှိအခြေအနေက အခုမှစတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ ထိုင်းအစိုးရက ဖမ်းတာ စီးတာကတော့ ပုံမှန်ဖြစ်တယ်။ ကျွန်တော်တို့လည်း ထိုင်းနိုင်ငံမှာ နှစ် ၃၀ လောက် နေခဲ့တာ။ ဖမ်းတယ် ဆီးတယ် ပြန်လွှတ်တယ်။ ဆိုတော့ အခုက ကျွန်တော်တို့က ခါတိုင်းထက် ဆိုးဝါးတာက သိန်းသန်းချီတဲ့ တရားမဝင် အထောက်အထားမဲ့ ရွှေ့ပြောင်းတွေက ထိုင်းနိုင်ငံထဲမှာ ရောက်နေတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ စိုးရိမ်တာသည် ထိုင်းအစိုးရအနေနဲ့ အဲဒီအထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို အထောက်အထားရှိအောင် ထိုင်းဘက်က ဆောင်ရွက်ပေးသလို တချိန်ထဲမှာပဲ ကျွန်တော်တို့ ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်ပြီး နယ်နှင်ဒဏ်ပေးမှုတွေ ဆောင်ရွက်လိမ့်မယ်။ အဲ့တာကြောင့်မလို့ ကျွန်တော်တို့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ကတော့ ဒါကို စနစ်တကျပြင်ဆင်သင့်တယ်။ ဒါကို ဘယ်လောက်ကြာမလဲဆိုတာကို ကျွန်တော်တို့အနေနဲ့ ပြောဖို့ခက်ပေမဲ့ ကျွန်တော်တို့အနေနဲ့ အချိန်တိုကာလအတွင်းမှာတော့ အဲဒီဟာတွေ အေးအေးဆေးဆေး ငြိမ်ငြိမ်စိမ်စိမ်ပြီးစီးသွားမယ်လို့တော့ ကျွန်တော့်အနေနဲ့ မထင်ဘူး။ နောက်တစ်ခုက ပိုဆိုးတာက နယ်စပ်တွေမှာ ကျွန်တော်တို့ စစ်မှုထမ်းဖို့ တန်းပြီးတော့ ပို့တာမျိုးတွေ ကြားနေရတယ်။ ဒါကြောင့်မလို့ ပြန်အပို့မခံရအောင်ပေါ့။ နှစ်ပိုင်းပေါ့ တချို့ကျတော့လည်း သာမန်ရွှေ့ပြောင်းအလုပ်သမားတွေ ပေါ့နော်။ ဒီမိုကရေစီအရေး လှုပ်ရှားမှုကြောင့် ဒီဘက်ကို ရောက်လာတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေလည်း ရှိနိုင်တယ်။ ဒါကြောင့်မလို့ အဲဒီလူတွေသည်လည်း ပြန်ဖမ်းမိလို့ ပြန်ပြီးပို့ခံရမယ်ဆိုလို့ရှိရင် ဒါက အင်မတန်မှ အန္တရာယ်ကြီးနိုင်တယ်။ ဒါကြောင့်မလို့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ကတော့ ​ငြိမ်ငြိမ်စိမ်စိမ်နဲ့ စည်းမှန်ကမ်းမှန် လမ်းမှန်နေကြဖို့သင့်တယ်လို့ ကျွန်တော့်အနေနဲ့ ပြောချင်တယ်။

    မေး ။ ။ ထိုင်းမှာ ဖြစ်ပေါ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးနဲ့ ပတ်သက်ပြီး ထပ်မံဖြည့်စွက်ပြောချင်တာရှိရင် ပြောပြပေးပါဦးခင်ဗျ။

    ဖြေ ။ ။ ကျွန်တော်တို့ရဲ့အတွေ့အကြုံအရဆိုရင် ဒီအစိုးရတွေ မိခင်အစိုးရတွေရဲ့ ပူးပေါင်းဆောင်ရွက်ရန်မှု ကျွမ်းကျင်လိမ်မာမှုကလည်း အင်မတန်မှ အရေးကြီးတယ်။ အစိုးရချင်း အစိုးရချင်းပြောတာ ကျွန်တော်တို့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ အလုပ်သမားသမဂ္ဂတွေ အလုပ်သမားအဖွဲ့အစည်းတွေပြောတာထက် အများကြီး သာသွားတယ်။ အများကြီး အကျိုးရှိတယ်။ ဒါကြောင့်မလို့ ကိုယ့်ကိုယ့်ကိုယ် အစိုးရပါလို့ပြောနေတဲ့လူတွေ ကိုယ်ရွှေ့ပြောင်းအလုပ်သမားတွေကို အမှန်တကယ် အကာအကွယ်ပေးချင်တယ်ဆိုလို့ရှိရင်တော့ အစိုးရတွေအနေနဲ့ ထိုင်းအစိုးရကို စနစ်တကျ ချဉ်းကပ်ပြီးတော့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တစုံတရာ အကာအကွယ်ရအောင်တော့ ကြိုးစားဆောင်ရွက်သင့်တယ်လို့ ကျွန်တော့်အနေနဲ့ပြောချင်တယ်။ တစ်ချိန်ထဲမှာပဲ အခွန်ပေးထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ မြန်မာအစိုးရကို အခွန်ပေးထားတယ်ဆိုတာ အစိုးရအနေနဲ့ ဘာပဲပြောပြောအလုပ်သမားအရေး ကိစ္စကို အကာအကွယ်ပေးဖို့ ဒီအခွန်တွေကို သုံးရမှာဖြစ်တယ်။ တခြားကိုယ့်ကိုကိုယ် အစိုးရလို့ပြောတဲ့အဖွဲ့အစည်းတွေ အလုပ်သမားတွေဆီမှာကျတော့ အကြောင်းအမျိုးမျိုးပြပြီးတော့ ကမ်ပိန်းအမျိုးမျိုး ပြောပြီးတော့ အလှူငွေတွေ ကောက်ခံနေတယ်။ ထည့်ဝင်မှုတွေ တောင်းဆိုနေတယ်။ အလုပ်သမားတွေ တကယ်ပြဿနာတတ်လို့ရှိရင် ဘယ်အစိုးရအဖွဲ့အစည်းတွေက မားမားမတ်မတ်ဖြေရှင်းတာရှိလဲပေါ့နော်။ ဒါကိုကျွန်တော့်အနေနဲ့ မေးခွန်းထုတ်စရာရှိတယ်။ ဒါကြောင့်မလို့ ကိုယ့်ကိုကိုယ် အစိုးရပါလို့ ပြောတဲ့လူတွေဆီမှာ တာဝန်ရှိတယ်လို့ ကျွန်တော့်အနေဲ့ ပြောချင်တယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,000SubscribersSubscribe
    spot_img

    Latest posts