Sunday, March 29, 2026
More
    spot_img
    Homeသတင်းကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကောင်စီက ဒရုန်းအသုံးပြု ပိုမိုတိုက်ခိုက်လာ

    ကော့ကရိတ်တိုက်ပွဲအတွင်း စစ်ကောင်စီက ဒရုန်းအသုံးပြု ပိုမိုတိုက်ခိုက်လာ

    -

    ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အတွင်း ဝင်ရောက်တပ်စွဲနိုင်ရေး ကြိုးပမ်းနေသည့် စစ်ကောင်စီစစ်တပ်နှင့် ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား နေ့စဉ် တိုက်ပွဲဖြစ်ပွားနေသည်ဟု တော်လှန်ရေးအဖွဲ့တို့ထံမှ သိရသည်။  

    ယခုရက်ပိုင်းအတွင်း စစ်ကောင်စီဘက်က တော်လှန်ရေးတပ်ဖွဲ့များ ရှိသည့်နေရာများကို ဒရုန်းအသုံးပြုပြီး အဓိက တိုက်ခိုက်လာနေသည်ဟု ဆိုသည်။

    “အောင်ဇေယျာစစ်ကြောင်းက ကော့ကရိတ်ထဲ ဝင်ပြီး တပ်စွဲဖို့ လုပ်နေတဲ့ အခြေအနေမှာ ထိတွေ့မှုတွေ ဖြစ်နေတယ်ဗျ။ လက်နက်ကြီးနဲ့ ပစ်ကူတာက နည်းသွားတယ်။ ဒရုန်းအသုံးပြုတာ များလာတယ်။ သူတို့က ကျနော်တို့ဘက်က သုံးတဲ့ ဒရုန်းနည်းပညာကို ရသွားတယ်လို့ပဲ ထင်တယ်” ဟု ကော့ကရိတ်တိုက်ပွဲအတွင်း ရှေ့တန်းရောက်နေသည့် ရဲဘော်တစ်ဦးက ပြောသည်။

    စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်များလည်း တူရကီနိုင်ငံထုတ် တိုက်ခိုက်ဒရုန်း အစင်းရေ ၈၀၀ ကျော်ကို ကော့ကရိတ်တိုက်ပွဲအတွင်း အသုံးပြုရန် ပို့ဆောင်ထားကြောင်း ရေးသားဖော်ပြသည်။

    လက်ရှိတွင် ကော့ကရိတ်အခြေစိုက် စကခ-၁၂၊ ကျုံဒိုး၊ နဘူး ခြေလျင်တပ်ရင်းမှ ခလရ-၉၇ တပ်အပါအဝင် အောင်ဇေယျာစစ်ကြောင်းတို့က တူရကီနိုင်ငံထုတ် ဒရုန်းများဖြင့် တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်မှု လုပ်ဆောင်နေကြောင်း ဆိုသည်။

    “သူတို့က ဒရုန်းပစ္စည်းတွေကို အဓိက တရုတ်နဲ့ တူရကီဘက်ကို မှာယူနေတယ်လို့ ကြားထားတယ်။ သူတို့ဘက် နည်းပညာတစ်ခု ရသွားတာနဲ့ တူတယ်။ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ အရှိန်မြှင့်လာတဲ့အတွက် အတော်လေးတော့ သတိထားနေထိုင်ကြရတယ်” ဟု အထက်ပါ တော်လှန်ရေးရဲဘော်က ပြောသည်။

    တိုက်ပွဲအတွင်း စစ်ကောင်စီက တော်လှန်ရေးပူးပေါင်းတပ်များ ရှိသည့် နေရာများကို ဒရုန်းဖြင့် ကင်းထောက်ပျံသန်းမှုများ လုပ်ဆောင်နေသလို တော်လှန်ရေးပူးပေါင်းတပ်တို့ကလည်း တန်ပြန်ဒရုန်းဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်နေရသည်။

    ကော့ကရိတ်နယ်မြေအတွင်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေဆဲဟု တော်လှန်ရေးအဖွဲ့တို့၏ ပြောပြချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks