မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ညောင်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ ယနေ့ နံနက်ပိုင်းတွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး အုပ်ချုပ်ရေးမှူးဖြစ်သူက သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၆ နာရီ ၂၀ မိနစ်အချိန်ခန့်က ညောင်ကုန်းကြီးကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးမြင့်စိုးနှင့် ဇနီးဖြစ်သူ ဒေါ်မိငယ်တို့ နှစ်ဦးသည် နေအိမ်တွင် တည်ရှိနေစဉ် ဆိုင်ကယ်နှစ်စီးဖြင့် သေနတ်သမား သုံးဦးတို့က ရောက်ရှိလာခဲ့သည်။
သေနတ်သမားတို့သည် ဦးမြင့်စိုးနေအိမ်ခြံဝင်းထဲ ဝင်ရောက်လာပြီး ဦးမြင့်စိုးနှင့် ဇနီးဖြစ်သူတို့ကို သေနတ်ဖြင့် ခြောက်ချက်ခန့် ပစ်ခတ်သွားခဲ့သည်ဟု အနီးနားဝန်းကျင်ရှိ ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။
“သူတို့က ထောက်ခံစာလုပ်မယ့်ပုံစံ ဟန်ဆောင်ပြီး ခြံဝင်းထဲကို ဝင်လာတယ်။ ခြံဝင်းထဲရောက်တဲ့အချိန်မှာ အုပ်ချုပ်ရေးမှူးနဲ့ သူ့ဇနီးကို သေနတ်နဲ့ ပစ်တော့တာ။ အုပ်ချုပ်ရေးမှူးကတော့ အဲနေရာမှာပဲ လဲကျသေဆုံးသွားခဲ့တယ်။ သူ့ဇနီးကလည်း ၂ ချက်ထိသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးသည် ရင်ညွန့်တည့်တည့် ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်၊ လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ကြောင်း ဆိုသည်။
ဇနီးဖြစ်သူ ဒေါ်မိငယ်လည်း ဝမ်းဗိုက် ကျည်ထိမှန်ဒဏ်ရာတစ်ချက်၊ ဘယ်ဘက်လက်မောင်း ကျည်ထိမှန်ဒဏ်ရာတစ်ချက်ရရှိသွားပြီး ပေါင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်းလည်း ဒေသခံတို့က ပြောသည်။
အုပ်ချုပ်ရေးမှူးနှင့် ဇနီးတို့ကို ပစ်ခတ်ပြီးနောက် သေနတ်သမားတို့က ညောင်ကုန်းကြီးကျေးရွာမူလတန်းကျောင်းဘက်သို့ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားကြောင်းလည်း အနီးနားဝန်းကျင်ရှိ ဒေသခံတို့၏ ပြောဆိုချက်အရ သိရသည်။
ညောင်ကုန်းကြီးကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူ ပစ်ခတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သည့်လက်နက်ကိုင်အဖွဲ့က လုပ်ဆောင်သည်ကို မသိရှိသေးသလို လက်နက်ကိုင်အဖွဲ့ဘက်ကလည်း တစုံတရာ ထုတ်ပြန်လာခြင်းမရှိသေးပေ။
ပြီးခဲ့သည့်နှစ်ကလည်း ညောင်ကုန်းကြီးကျေးရွာနှင့် ကပ်လျှက်ရှိသည့် ထန်းပင်ချောင်လေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချစ်ဝင်းကို အမည်မသိ လက်နက်ကိုင်လူတစုတို့က နေအိမ်တွင် ဝင်ရောက် ပစ်သတ်သွားခဲ့သေးသည်။