ထိုင်း-မြန်မာနယ်စပ်ဒေသ မွန်ပြည်သစ်ထိန်းချုပ်နယ်မြေအတွင်းရှိရွာတို့တွင် ဖွင့်လှစ်ထားသည့် လောင်းကစားဝိုင်းတို့ကို ဒေသခံပြည်သူများနှင့် နယ်စပ်ဒေသတွင်းစောင့်ကြည့်လေ့လာနေသူတို့အကြား ဝေဖန်ပြောဆိုမှုများရှိလာသည့်နောက် လောင်းကစားဝိုင်းများ လျော့နည်းလာကြောင်း ဒေသတွင်းသတင်းရင်းမြစ်တို့မှ သိရသည်။

ပြီးခဲ့သည့်ဇန်နဝါရီလကုန်ပိုင်းမှစပြီး မွန်ပြည်သစ်နယ်မြေအတွင်းရှိ ဂျပန်ရေတွင်း၊ ရွာသစ်ပိုင်းနှင့် တပ်ရင်း ၃ ရွာတို့တွင် တစ်လနီးပါးခန့် လောင်းကစားဝိုင်းဖွင့်လှစ်ထားသည်။
လက်ရှိတွင် တပ်ရင်း ၃ ကျေးရွာအတွင်းရှိ လောင်းကစားဝိုင်းအားလုံးပိတ်သိမ်းထားပြီး ဂျပန်ရေတွင်းရွာတွင် ဖွင့်လှစ်ထားသေးသည့်အပြင် အဆိုပါလောင်းကစားဝိုင်းတို့သည် ဘုရားသုံးဆူမှ တရုတ်ကျားဖြန့်လုပ်ငန်းများနှင့် မသက်ဆိုင်ကြောင်း မွန်ပြည်သစ်ပါတီနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“ KNU ကနေဘုရားသုံးဆူက လောင်းကစားဝိုင်းကို မပိတ်ခိုင်းခင်ရက်ပိုင်းစဖြစ်လာတယ်၊ ဘုရားသုံးဆူသူ တွေရော၊ အဲ့ရွာကလူတွေရောသွားကစားကြတာပဲ အခုကတော့ အဲ့လိုဖွင့်ထားတာကို လူပြောများတယ်ဆိုတော့ လောလောဆယ်တော့ရပ်ထားတယ်” ဟု ၎င်းက ပြောသည်။
သို့သော် လောင်းကစားဝိုင်းအတွင်း ကာစီနိုကဲ့သို့ ဂလုတ်ဂလုတ်၊ ဖဲဝိုင်း၊ ငါးပစ်ဂိမ်းနှင့် အနီထောင်များပါရှိသည့်အပြင် မွန်ပြည်သစ်ပါတီတာဝန်ရှိသူနှင့်နီးစပ်သူ၊ စီးပွားရေးလုပ်ငန်းရှင်များမှ အခွန်ငွေရယူပြီး ဖွင့်လှစ်ထားကြောင်း သတင်းထွက်ပေါ်လျှက်ရှိသည်။
ကရင်လက်နက်ကိုင်အဖွဲ့ DKBAတို့မှ တရုတ်နိုင်ငံသားများကို ပြောင်းရွှေ့စေပြီး၊ ကာစီနို လောင်းကစားဝိုင်း များကိုပိတ်သိမ်းနေစဉ် ယခုလိုမွန်ပြည်သစ်ပါတီနယ်မြေတွင် လောင်းကစား ဝိုင်းဖွင့်လှစ်ခွင့်ပေးထားရန်မသင့်ဟု ဒေသတွင်းလေ့လာစောင့်ကြည့်နေသူတစ်ဦးကပြောသည်။
“တာဝန်ယူ ဖွင့်လှစ်နေတဲ့သူကမွန်ပြည်သစ်တာဝန်ရှိသူရဲ့သားပဲလို့ပြောတယ်၊ မွန်လူမျိုးရေးစောင့်ကြည့်သူတွေ နိုင်ငံရေး အပိုင်းသိတဲ့သူတွေဆိုရင် ဝေဖန်ပြောဆိုကြတယ်ပေါ့၊ တရုတ်တွေလည်း ထွက်သွားတာ ကရင်တွေလည်းပိတ်ထားပြီးသားကို ဒါကမွန်ပြည်သစ် ဒီလိုမျိုးကိစ္စပေါ်သွားတာဆိုတော့ ကိုယ့်အပေါ်အပြစ်တွေ ကျသွားမယ်၊ မွန်ပြည်သစ်အနေနဲ့လည်း နာမည်ပျက် စရာကိစ္စတွေဖြစ်လာနိုင်တယ်”ဟု ၎င်းကပြောသည်။
ဘုရားသုံးဆူမြို့ပေါ်တွင် တရုတ်နိုင်ငံသားများနှင့် ကျားဖြန့်ဟုယူဆရသည့် ကာစီနိုလောင်းကစားဝိုင်းဖွင့်လှစ် ထားသောကြောင့် ထိုင်းအာဏာပိုင်းမှ လျှပ်စစ်မီးနှင့်လောင်စာဆီတင်သွင်းခွင့်တို့ကိုပြီးခဲ့သည့်ဖေဖော်ဝါရီ ၅ ရက်နေ့တွင် ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။
DKBA တပ်ဖွဲ့ဝင်တို့မှ ဘုရားသုံးဆူမြိုမှ တရားမဝင်၊ ဝင်ရောက်လာသည့်စားသောက်ကုန်လုပ်ငန်း၊ ကာစီနိုလော င်းကစားလုပ်ငန်း၊ ဂိမ်းရုံများဖွင့်လှစ်လုပ်ကိုင်နေသည့်တရုတ်လူမျိုးများအနေဖြင့် ၂၈ ရက်နေ့ မတိုင်ခင်ထွက် ခွာရန် ဖေဖော်ဝါရီ ၉ ရက်တွင်စာထုတ်ပြန်ထားသည်။
ထို့ကြောင့် အဆိုပါကျားဖြန့်ဟုယူဆရသည့် ကာစီနိုလောင်းကစားဝိုင်ရုံးတို့ကိုပိတ်သိမ်းခိုင်းပြီးနောက် မွန်ပြည်သစ် ပါတီ ထိန်းချုပ်နေရာသို့ပြောင်းရွှေ့ဖွင့်လှစ်နေသည်ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင် ကရင် သတင်းဌာန KIC မှဖော်ပြထားသည်။
အခွန်ငွေရယူကာ လောင်းကစားဝိုင်းဖွင့်လှစ်ထားသည့်ကိစ္စကို မွန်ပြည်သစ်ပါတီနှင့် နီးစပ်သူတို့ကြားပြောဆိုလျှက်ရှိသော်လည်း မွန်ပြည်သစ်ပါတီထံ IMNA မှ ဆက်သွယ်မေးမြန်းမှုကို လက်ခံဖြေကြားခြင်းမရှိသေးပေ။
သို့သော် မွန်ပြည်သစ်ပါတီ တပ်ရင်း ၃ ရွာတွင် ကာစီနိုလောင်းကစားရုံးဖွင့်လှစ်ခြင်းနှင့်ပတ်သက်ပြီး မွန်ပြည်သစ်ပါတီ (ဗဟို) ထံမှ ခွင့်မပြုထားသည့်အကြောင်းကို တာဝန်ရှိသူတစ်ဦးက ကောင်းဝါသတင်းဌာန(Kaowao News Group) ကိုပြောကြားထားသည်။