spot_img
Sunday, July 27, 2025
More
    spot_img
    Homeသတင်းခုတ်ရာတခြား ရှရာတစ်ပါး ထိုင်းအစိုးရ၏ လုပ်ရပ်များ

    ခုတ်ရာတခြား ရှရာတစ်ပါး ထိုင်းအစိုးရ၏ လုပ်ရပ်များ

    -

    အမြင်သုံးသပ်ချက်၊ နေသူရိန်

    နှစ်ပေါင်းနှစ်ဆယ်ကျော်မျှ လျှပ်စစ်မီးအလင်းရောင်နှင့် နေသားကြာလာခဲ့ပြီးမှ ရုတ်တရက် အမှောင်ထုအတွင်းသို့ ကျရောက်သွားခဲ့ရသော ထိုင်း – မြန်မာနယ်စပ် မြို့လေးတစ်မြို့ဖြစ် သည့် ဘုရားသုံးဆူးမြို့သည် အမှောင်ထုအတွင်း၌ အပ်ကျသံကြားရလောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရသည်။ ကြားနေကျ ကားသံ၊ ဆိုင်ကယ်သံများ၊ TV ဆောင်းဘောက်အသံများသည်လည်း တိတ်ဆိတ်နေလျှက်ရှိသည်။ မီးရောင်နှင့် နေသားကျလာခဲ့သည့် အိမ်တွင်းရှိ မြေးငယ်လေးများသည်လည်း မှိန်ပြပြ ဖယောင်းတိုင်၏ အလင်းရောင် အောက်၌ စာရေး စာဖတ်နေရသဖြင့် ငိုမဲ့မဲ့ဖြစ်နေသည့် မျက်နှာလေးများကိုလည်း စိတ်မကောင်းဖွယ်ရာ မြင်တွေ့ရပြန်သည်။ ပတ်ဝန်းကျင်ရှိ လူနေအိမ်များကိုလည်း တစေ့တစောင်း အကဲခတ်ကြည့်လိုက်တော့လည်း မိမိ၏ အိမ်ကဲ့သို့ပင် မှိန်ပြပြ ဖယောင်းတိုင်၏ အလင်းရောင်အောက်တွင်သာ တိတ်ဆိတ် ငြိမ်သက်နေကြလျှက်ရှိသည်။ ထိုကဲ့သို့ ဖြစ်သွားရခြင်း၏ အကြောင်းရင်းမှာ (၂၀၂၅) ခုနှစ် ဖေဖဝ်ဝါရီလ (၅) ရက်နေ့တွင် ထိုင်းအစိုးရက ထိုင်း – မြန်မာနယ်စပ်ဒေသကို ပေးပို့နေသော လျှပ်စစ်မီးကို ဖြတ်တောက် လိုက်ခြင်းကြောင့်ပင် ဖြစ်ပေသည်။

    ဘယ်အရာမှ တည်မြဲခြင်းမရှိသော သင်္ခါရလောကကြီးပင်ဖြစ်ငြားသော်လည်း ကာလကြာ ရှည်စွာ လျှပ်စစ်မီးအလင်းရောင်နှင့် နေလာခဲ့ပြီးမှ ရုတ်တရက် မီးအလင်းရောင် ဖြတ်တောက် သွားခြင်းကြောင့် စိတ်ထဲတွင် မတင်မကျနှင့် ခံစားရသည်မှာလည်း အမှန်ပင် ဖြစ်သည်။ နယ်စပ်ဒေသသို့ ပေးပို့နေသည့် လျှပ်စစ်မီးကို ထိုင်းအစိုးရက အဘယ်ကြောင့် ဖြတ်တောက် ပစ်လိုက်ရပါသနည်း၊ အကြောင်းရှိ၍ အကျိုးဖြစ်ပေါ်လာရခြင်းပင်ဖြစ်သည်၊ ထိုင်း – မြန်မာနယ်စပ်ဒေသတလျှောက်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းဟုခေါ်သည့် ကျားဖြန့်နှင့် ကာစီနိုလောင်းကစားဝိုင်းများ လူကုန်ကူးမှုများကို တရားမဝင် လုပ်ကိုင်နေကြသည့် တရုတ်လူမျိုးများနှင့် လူမှောင်ခိုဂိုဏ်းသားများကို တားဆီးပိတ်ပင်လို၍ ဖြစ်သည်ဟု အကြောင်းပြချက်ဖြစ်သည်။ သို့သော် ထိုင်းအစိုးရ၏ လုပ်ရပ်သည် ခုတ်ရာတခြား ရှရာတခြားဖြစ်ခဲ့သည်။ နှိပ်ကွပ်လိုသည့် တရုတ်များနှင့် လူမှောင်ခိုဂိုဏ်းများက သာသာယာယာနှင့် ဆုံးရှုံးနစ်နာမှု မရှိပဲ ဒေသခံပြည်သူပေါင်း သိန်းနှင့် ချီ၍ ဒုက္ခ၏ဆိုးကျိုးများကို ခံစားခဲ့ကြရ သည်။

    လျှပ်စစ်မီးသာမက အီလက်ထရောနစ်နှင့် သက်ဆိုင်သည့် ကုန်ပစ္စည်းများ၊ ဆိုလာပြားများ လောင်စာဆီများကိုပါ တားမြစ်ကုန်များအဖြစ် သတ်မှတ်လိုက်ခြင်းကြောင့် ဒေသခံလူထုများ ကယောက်ကယက် ဖြစ်ကုန်ကြသည်၊ ဘုရားသုံးဆူမြို့အတွင်း သိုလှောင်ထားသော လောင်စာဆီအရောင်းဆိုင်များလည်း အချိန်နှင့်တပြေးညီ ဈေးတက်ကုန်ကြသည်။ လိုအပ်သလို ဝယ်ယူ၍ မရသည်အထိလည်း ဖြစ်သွားခဲ့ရသည်။ ဘုရားသုံးဆူမြို့အတွင်းရှိ ဆိုလာအရောင်းဆိုင်များ ဖုန်းအားဖြည့် ဘက္ထရီ ပါဝါဘဏ်များသည်လည်း ပုံမှန်ဈေးထက် အဆမတန်မြင့်တက်သွားခဲ့သည်။ အရည်အချင်း ပြည့်မှီခြင်းမရှိသည့် မြန်မာပြည်မှ တင်သွင်းသော ဆိုလာပြားများကြောင့် ဝယ်ယူသုံးစွဲသူများ၏ မကျေမနပ် ပြောဆိုနေမှုများကိုလည်း နားမဆံ့အောင် ကြားနေရပြန်သည်။

    လျှပ်စစ်ဓါတ်အားဖြင့် အလုပ်လုပ်နေကြရသည့် စက်ချုပ်အလုပ်ရုံများ၊ ဆံသဆိုင်များ၊ အလှပြင်ဆိုင်များ၊ သောက်ရေသန့်နှင့် သုံးရေထုတ်လုပ်သည့်လုပ်ငန်းများသည်လည်း ရုတ်တရက် ရပ်တန့်လိုက်ကြရသည်။ မြို့ခံလူထုများ သောက်ရေနှင့် သုံးရေး အခက်အခဲများကို ရင်ဆိုင်ခဲ့ကြရသည်။ အိမ်ထောင်စုများအတွက် မရှိမဖြစ် လိုအပ်သော ချက်ပြုတ်စားသောက်ရမည့် မီးသွေးဖိုများ၊ မီးသွေးများကို လက်မလည်အောင် ရောင်းချခဲ့ ကြရသည်။ အခြေအနေနှင့် အချိန်အခါအရ မီးသွေးဖိုများ မီးသွေးများ ဈေးတက်သွားခဲ့ ကြသည်။ ထိုင်းအစိုးရက နှိပ်ကွပ်လိုသော တရုတ်များမှာတော့ ကိုယ်ပိုင်မီးစက်များနှင့် အိန္ဒြေမပျက် နေထိုင်နိုင်ကြဆဲပင်။ အပူအပင် သောကတွေကြားမှာ အမှန်တကယ် ဒုက္ခ ရောက်နေကြသည့် သူများကတော့ ဒေသခံပြည်သူများသာ ဖြစ်ကြသည်။

    ဒေသခံပြည်သူတို့၏ ဒုက္ခကို မမြင်ရက်သော ဘုရားသုံးဆူးဒေသ အုပ်ချုပ်ရေးအဖွဲ့ KNU နှင့် ဒေသလုံခြုံရေးကို တာဝန်ယူထားသော DKBA တပ်ဖွဲ့တို့ကလည်း ထိုင်းအစိုးရက လျှပ်စစ်မီး ပြန်လည်ဝေပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖေဖဝ်ဝါရီလ (၈) ရက်နေ့တွင် ဘုရားသုံးဆူမြို့ရှိ ကာစီနိုနှင့် လောင်းကစားဝိုင်းများကို KNU က အကန့်အသတ်မရှိ ပိတ်လိုက်သလို DKBA တပ်ဖွဲ့ကလည်း ဘုရားသုံးဆူမြို့မှ ထွက်ခွါရန် တရားဝင်စာ ထုတ်ပြန်ထားခဲ့သည်။ စာထုတ်ပြန်ပြီးသည့်အချိန်မှစ၍ တရုတ်လူမျိုးများသည် ၎င်းတို့ဖွင့်ထားသည့်ဆိုင်များကို ပိတ်သိမ်းခြင်း ၎ားထားသည့်အိမ်များ တန်းလျားများကို ပြန်လည်၍ အပ်နှံခြင်းများ ပြုလုပ်ပြီး ဘုရားသုံးဆူမြို့မှ တဖြည်းဖြည်း ထွက်ခွါသွားခဲ့ကြသည်။

    ဘုရားသုံးဆူမြို့မှ ထွက်ခွါသွားသော တရုတ်များသည် DKBA အမှတ် (၂) စစ်ဗျူဟာ၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောအေဝမ်း တည်ဆောက်ထားသည့် ကျုံကွီးကျေးရွာနှင့် ကျော့ပလုကျေားရွာအကြားရှိ သဘာဝရေးကူးကန်အနီးတွင်လည်းကောင်း ချောင်းဆုံ ကျေးရွာနှင့် ဘုရားတောင်ကျေးရွာအကြားရှိ ထီးလောင်ယှူး ရေးတံခွန်နှင့် စောအေဝမ်း ပိုင်ဆိုင်သော ရေးကူးကန်တွင်လည်းကောင်း ယာယီနေထိုင်နေကြသည်။ ဖေဖဝ်ဝါရီလ လည်ပိုင်းတွင် တရုတ်လူမျိုးတချို့ကို မြဝတီရွှေကုက္ကိုလ်သို့ ဗိုလ်မှူးကြီးစေအေဝမ်းက ပို့ဆောင်ပေးခဲ့သည်များလည်း ရှိသည်။

    လူကုန်ကူးမှုနှင့် လောင်းကစားပပျောက်ရေး တရုတ်များ ဘုရားသုံးဆူမြို့မှ ထွက်ခွါသွား ရေးတို့ကို အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့သော်လည်း ထိုင်းအစိုးရက လျှပ်စစ်မီးကို ပြန်လည် ၍ ဖွင့်ပေးရန် မသေချာသေးသည့်အပြည် နယ်စပ်ဝင်ပေါက် ဖြတ်ကျော်မှုများကိုလည်း အချိန်အကန့်အသတ်နှင့် တားမြစ်ထားခဲ့သည်။ ထိုင်း ဘက်ခြမ်းအတွင်းရှိ စက်ရုံများတွင် သွားရောက်လုပ်ကိုင်နေကြရသည့် မြန်မာအလုပ် သမားများနှင့် တနိုင်တပိုင် စားသောက် ကုန်ပစ္စည်းများကို ဝယ်ယူနေရသည့် ဒေသခံပြည်သူများ၏ ဒုက္ခမျိုးစုံကိုလည်း တွေ့မြင်နေရ သည်။

    ထိုင်းအစိုးရ၏ လူကုန်ကူးမှု ပပျောက်ရေး လောင်းကစားမှုပပျောက်ရေးနှင့် တရုတ်လူမျိုး များအပေါ် နှိပ်ကွပ်မှုများသည် ထိရောက်မှု အသင့်အတင့်ရှိသော်လည်း ဒေသခံပြည်သူများအတွက်ကတော့ နေမြင့်လေ အရူးရင့်လေ ဖြစ်၍နေပေသည်။ နယ်စပ်ဒေသတစ်လျှောက် ဒေသခံပြည်သူများ သန်းနှင့်ချီ၍ သုံးစွဲနေကြသော ထိုင်းဖုန်းဆင်းမ်ကဒ်များဖြစ်သည့် 12 call ဆင်းမ်ကဒ်၊ အင်တာနက်ချိတ်ဆက်မှုကို ဖေဖဝ်ဝါရီလ (၂၁) ရက်နေ့တွင် ဖြတ်တောက် ပစ်လိုက်သလို ကျန်ရှိနေသေးသည့် ထိုင်းဆင်းမ်ကဒ်များဖြစ်သော ဒီထက်၊ ထရူးမု ဆင်းမ်ကဒ်၊ အင်တာနက်ချိတ်ဆက်မှုကို ဖေဖဝ်ဝါရီလ (၂၆) ရက်နေ့တွင် ထပ်မံ၍ ဖြတ်တောက်ပစ်မည်ဟု ပြောဆိုနေမှုများကိုလည်း ကြားသိနေရပေသည်။

    နယ်စပ်ဒေသ ဘုရားသုံးဆူမြို့တွင် ထိုင်းအင်တာနက်လိုင်းများကိုသာ အားကိုးနေရသည့် အွန်လိုင်းဈေးသည်များ၊ လုပ်ငန်းရှင်များ၊ သတင်းစောင့်ကြည့်လေ့လာနေကြသူများ၊ ငွေလွှဲလုပ်ငန်း လုပ်ကိုင်နေကြသူများတို့သည်လည်း အခက်အခဲများစွာ ဖြစ်သွားခဲ့ကြရသည်။ အပစ်မဲ့သော ပြည်သူများအပေါ်တွင် ထိုင်းအစိုးရ၏ ပစ်ဒဏ်ခတ်မှုများသည် မြန်မာ ပြည်တွင်းက အာဏာသိမ်း စစ်ကောင်စီနှင့် စိတ်ဓါတ်ခြင်း အတူတူပင်ဖြစ်သည်ဟု ထင်မြင် မိသည်။ ဒေသခံလူထုအား လုံးဝငဲ့ညှာခြင်းမရှိပဲ ဒုစရိုက်မှု ပပျောက်ရေးအတွက် နည်းမျိုးစုံနှင့် နှိပ်ကွပ်နေသော ထိုင်းအစိုးရ၏ လုပ်ရပ်များသည် “ခုတ်ရာတခြား ရှရာတစ်ပါး” ဖြစ်နေပြီး လူ့အခွင့်ရေးကိုပါ ချိုးဖောက်ရာလည်း ကျနေကြောင်း တင်ပြလိုက်ရပါသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,000SubscribersSubscribe
    spot_img

    Latest posts