spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းအနန်းကွင်းကျေးရွာအနီး စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရ

    အနန်းကွင်းကျေးရွာအနီး စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရ

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာအနီးရှိ တညင်ကျေးရွာဘက်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၃ နာရီကျော်အချိန်ခန့် တညင်းကျေးရွာထဲကို စစ်ကောင်စီက Y8 လေယာဉ်ဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် အနန်းကွင်းကျေးရွာဘက်ကိုလည်း ဆက်တိုက် ဗုံးကြဲချခဲ့သည်ဟု ဆိုသည်။

    “စကစကနေ Y8 လေယာဉ်နဲ့ ဗုံးလာကြဲချတယ်။ တညင်ရွာထဲကို လာကြဲသွားတာပါ။ ထမနဲထိုးနေကြတဲ့နေရာအနီးမှာ ကျသွားတော့ ၄ ယောက်လောက် ဒဏ်ရာရသွားတယ်။ ပြီးတော့ အဲလေယာဉ်က အနန်းကွင်းဘက်ကို လှည့်သွားပြီး ဗုံးသီးအလုံး ၇၀ လောက် ထပ်ကြဲချခဲ့တယ်လို့ သိထားတယ်။ ဖြစ်စဉ်အားလုံးကိုတော့ မသိသေးဘူး။ နယ်မြေခံအဖွဲ့အစည်းတစ်ခုခုနဲ့ ဆက်သွယ်မေးမြန်းမှ အသေးစိတ်ကို သိရှိနိုင်မယ်။ ဘာပဲဖြစ်ဖြစ် လေကြောင်းအန္တရာယ်အသိ၊ သတိနဲ့ နေထိုင်ကြဖို့ ပြောချင်ပါတယ်” ဟု ဒေသတွင်း သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    တိုက်ပွဲဖြစ်ပွားနေသည့် အနန်းကွင်းနှင့် အနီးတစ်ဝိုက်ရှိကျေးရွာများကို စစ်ကောင်စီက လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီးချခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကို ဆက်တိုက် ပြုလုပ်နေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

    စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးသီး ကြဲချခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် လူထိခိုက်သေဆုံးမှုခဲ့သည့်အပြင် နေအိမ် ထိခိုက်ပျက်စီးခြင်း၊ မီးလောင်ပျက်စီးမှုများ ရှိခဲ့သည်။

    ၎င်းပြင် ပြီးခဲ့သည့် ဇန်နဝါရီလကုန်၊ ဖေဖော်ဝါရီလဆန်းပိုင်းကလည်း အနန်းကွင်းကျေးရွာရှိ နေအိမ် ၅၀ ခန့်ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသတွင်း လှုပ်ရှားနေသည့် နဂါးနီစစ်ကြောင်းက ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ထားသည်။

    အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီဗျူဟာစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တို့က ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဇွန်လခန့်ကစပြီး ပိတ်ဆို့တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်းများဖြင့် ပစ်ကူခုခံတိုက်ခိုက်နေသည့်အတွက် ယနေ့ထိ စခန်းကို သိမ်းပိုက်နိုင်ခြင်း မရှိသေးပေ။

    အနန်းကွင်းတိုက်ပွဲကြောင့်နှင့် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လေကြောင်းအသုံးပြုတိုက်ခိုက်နေသည့်အတွက် အနန်းကွင်းကျေးရွာနှင့် အနီးနားတဝိုက်က ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံပြည်သူ ထောင်နှင့်ချီး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks