spot_img
Wednesday, July 30, 2025
More
    spot_img
    Homeသတင်းကျိုက်မရောမြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

    ကျိုက်မရောမြို့နယ်တွင် မိုင်းပေါက်ကွဲမှုကြောင့် တစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကွမ်ငန်းကျေးရွာအုပ်စု ပေါက်တောကျေးရွာတွင် ထောင်ထားသည့်မိုင်းကို ကောက်ယူ ထုခွဲရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နေလည် ၁၂ ကျော်အချိန်ခန့်က ပေါက်တောကျေးရွာရှိ ရော်ဘာခြံတစ်ခြံတွင် နေထိုင်သည့် မိသားစုတစ်စုက မိုင်းနှစ်လုံး ကောက်ယူလာပြီး တစ်လုံးကို ထုခွဲကြည့်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    မိုင်းပေါက်ကွဲမှုကြောင့် မိုင်းကိုထုသည့် အမျိုးသား သေဆုံးသွားခဲ့ပြီး အမျိုးသမီးတစ်ဦးနှင့် အခြားအမျိုးသားတစ်ဦးတို့က ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တို့က လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    “အဲမိသားစုက ပလတ်စတစ်နဲ့ လုပ်ထားတဲ့ တင့်ဖျက်မိုင်းနှစ်လုံးကို ကောက်ရမိခဲ့ပြီး နေအိမ်ထဲကို ယူဆောင်လာတယ်။ အိမ်ထဲရောက်တော့ ထုခွဲကြည့်တယ်။ အရင်ဆုံးတစ်လုံးကို စထုလိုက်တာနဲ့ ပေါက်ကွဲမှု ဖြစ်ပြီး သေဆုံးသွားတယ်။ ဘေးနားကလူတွေလည်း ဒဏ်ရာရသွားတယ်။ အဲလိုဖြစ်ပြီးမှ မိုင်းကောက်လာခဲ့ကြောင့်ကို သူများကို သွားပြောပြတာ” ဟု အထက်ပါ သတင်းအရင်းအမြစ်က ပြောသည်။

    ပေါက်တောကျေးရွာတဝိုက်တွင် စစ်ကောင်စီက သွားလာလှုပ်ရှားနေသလို တော်လှန်ရေးတပ်ဖွဲ့တို့ကလည်း သွားလာလှုပ်ရှားနေသည်ဟု ဒေသခံတို့က ပြောသည်။

    ဒေသတွင် လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့တို့က အဆိုပါမိုင်းသည် စစ်ကောင်စီ ခမရ-၂၀၈ ထောင်းထားသည့်မိုင်း ဖြစ်နိုင်ကြောင်း ဆိုသည်။

    “အထဲမှာ ဘာရှိလဲဆိုတာကို သိချင်စိတ်ကြောင့် ဖောက်ခွဲကြည့်တာ ဖြစ်နိုင်တယ်။ အဲလိုပေါက်ကွဲသွားပြီးမှ တော်လှန်ရေးအဖွဲ့တွေက သွားရောက်သိမ်းဆည်းပေးလိုက်ရတယ်။ အဲမိုင်းက စစ်ကောင်စီဘက်က ပစ္စည်းတွေ ဖြစ်နိုင်တယ်။ အဲမိုင်းက တင့်ကားတွေကို ဖောက်ခွဲတဲ့မိုင်းဗျ။ တင့်ဖျက်မိုင်းပဲ။ ဒဏ်ရာရသူနှစ်ယောက်က မစိုးရိမ်းရ ဒဏ်ရာပဲ ရရှိထားတယ်။ တော်သေးတာပေါ့။ နောက်ဆို အဲလိုပစ္စည်းတွေ တွေ့ရင် နီးစပ်ရာ တော်လှန်ရေးအဖွဲ့တွေကို အရင်အကြောင်းကြားပါ။ ထုခွဲတာတွေ၊ ဆော့ကစားတာတွေ မပြုလုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်” အဆိုပါဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

    မြေမြုပ်မိုင်းကို စစ်ကောင်စီတပ်တို့က အသုံးများကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များနှင့် ပြည်သူများ ထိခိုက်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် ထောင်းထားလေ့ရှိသည်ဟု မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင် ဒါရိုက်တာ နိုင်အဲမွန်ကလည်း ပြောသည်။

    “ဒီလိုမြေမြုပ်မိုင်းတွေက မြန်မာစစ်တပ်က သုံးတာ များတယ်။ သူတို့မှာက ဒီလိုမိုင်းမျိုး သုံးနိုင်တဲ့ ဘတ်ဂျက်တွေ ရှိတယ်။ သူတို့က နိုင်ငံတော်အဆင့် ဘတ်ဂျတ်ကို ရထားတာ။ ဒါကြောင့် စစ်ရေးကိရိယာတွေက သူတို့မှာ များတယ်။ ဒါကြောင့် ရန်သူရှိနေတဲ့ ဒေသတစ်ဝိုက်မှာ ထောင်းထားတာ များတယ်။ ထောင်းတာတယ်ဆိုတာကလည်း သူတို့ရန်သူဖြစ်တဲ့ တော်လှန်ရေးအဖွဲ့တွေ ပြည်သူတွေကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ ထောင်းထားတဲ့သဘောပါပဲ။ အထူးသဖြင့် ဥယျာဉ်ခြံတွေ၊ ရော်ဘာခြံတွေမှာ ထောင်းလေ့ရှိတယ်။ ရမ်းသမ်းပြီးတော့ ထောင်တယ်။ အဲမိုင်းပေါက်ကွဲတော့လည်း တာဝန်ယူပေးတာလည်း မရှိဘူး” ဟု ပြောသည်။

    ပြီးခဲ့သည့် ဇန်နဝါရီလဆန်းပိုင်းကလည်း ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာအုပ်စု၊ မရမ်းကုန်းရွာအဝင်လမ်းဝတွင် လယ်တောမှ ပြန်လာသည့် မရမ်းကုန်းဒေသခံ လင်မယားနှစ်ဦးက သုံးဘီဆိုင်ကယ် တွန်းလာစဉ် မြေမြုပ်မိုင်း နင်းမိပေါက်ကွဲရာမှ ထိခိုက်သေဆုံးခဲ့ရသည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။

    ကျိူက်မရောမြို့နယ်သည် တော်လှန်ရေးလှုပ်ရှားမှု အားကောင်းသည့်နယ်မြေဖြစ်တာကြောင့် နယ်မြေရှင်းလင်းနိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်ပြီး စစ်ကောင်စီမှ အင်အားဖြည့်တင်းလာသလို ၎င်းတို့တပ်စွဲထားသည့် နေရာများကို တော်လှန်ရေးပူးပေါင်းတပ်တို့က မကြာခဏ တိုက်ခိုက်လျှက်ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,100SubscribersSubscribe
    spot_img

    Latest posts