spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းမွန်ဒေသအနှံ့ တိုက်ပွဲအရှိန်မြှင့်သွားမည်ဟု “ရာမညပူးတွဲစစ်ကြောင်း” တာဝန်ရှိသူပြော

    မွန်ဒေသအနှံ့ တိုက်ပွဲအရှိန်မြှင့်သွားမည်ဟု “ရာမညပူးတွဲစစ်ကြောင်း” တာဝန်ရှိသူပြော

    -

    မွန်အမျိုးသားနေ့ အလွန်ကာလတွင် မွန်ဒေသအနှံ့ တိုက်ပွဲအရှိန် မြှင့်တင်သွားမည်ဟု “ရာမညပူးတွဲစစ်ကြောင်း” တာဝန်ရှိသူတို့က ပြောသည်။

    “ရာမညပူးတွဲစစ်ကြောင်း” အနေဖြင့် မွန်အမျိုးသားနေ့ကာလတွင် တိုက်ပွဲဖော်ဆောင်ခြင်းကို ခေတ္တရပ်တန့်ထားပြီး မွန်အမျိုးသားနေ့အလွန်ကာလတွင် တိုက်ပွဲများ ပြန်လည်ဖော်ဆောင် သွားတော့မည်ဟု စစ်ကြောင်းတာဝန်ရှိသူတို့က ဆိုသည်။  

    “မွန်အမျိုးသားနေ့ကာလဖြစ်တဲ့အတွက် တိုက်ပွဲဖော်ဆောင်တာကို ရပ်တန့်ထားတယ်။ မွန်အမျိုးသား နေ့မတိုင်ခင်ရက်တွေမှာ စစ်ကြောင်းတာဝန်ရှိသူတွေ တွေ့ဆုံကြပြီး အဲဒီလို ဆုံးဖြတ်ထားတာ ဖြစ်တယ်။ အခု မွန်အမျိုးသားနေ့ကာလလည်း လွန်သွားပြီးဆိုတော့ တိုက်ပွဲပြန်လည်ဖော်ဆောင်သွား ဖို့တော့ ပြင်ဆင်နေပါပြီ။ ဘယ်လိုပြင်ဆင်နေလဲ၊ ဘယ်လိုဖော်ဆောင်သွားမလဲဆိုတာက စစ်ရေးလျှိုဝှက်ချက်ဖြစ်လို့ ပြောပြလို့ မရပါဘူး” ဟု ရာမညပူးတွဲစစ်ကြောင်းမှ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။

    မွန်တပ်တော်တစ်ခု အမြန်ဆုံး ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး မွန်အင်အားကြီးတော်လှန်ရေးတပ်များဖြစ်သည့် မွန်ပြည်တော်လှန် ရေးတပ် (MSRF)၊ မွန်ပြည်သစ်ပါတီ (NMSP-AD)၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) နှင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့ ပါဝင်သည့် “ရာမညပူးတွဲစစ်ကြောင်း” ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည်။

    “ရာမညပူးတွဲစစ်ကြောင်း” အနေဖြင့် မွန်ဒေသအတွင်း စစ်ရေးလှုပ်ရှားမှုများ ရပ်တန့်သွားမည် မဟုတ်ကြောင်း၊ ပြင်ဆင်မှုများ ဆက်တိုက်လုပ်ဆောင်လာနေကြောင်းလည်း ရာမညပူးတွဲစစ်ကြောင်း ဒု-ပြန်ကြားရေးတာဝန်ခံ နိုင်မာဃက ပြောသည်။

    “ကျနော်တို့ ရာမညစစ်ကြောင်းအနေနဲ့ စစ်ရေးလှုပ်ရှားမှုတွေက မရပ်တန့်နေဘူး။ စစ်ရေးဖြစ်တဲ့အတွက် ထုတ်ပြထုတ်ပြောလို့မရတဲ့ အခြေအနေကို နားလည်ပေးစေချင်ပါတယ်။ သေချာတာတစ်ခုက ကျနော်တို့ လုပ်စရာရှိတာတွေကို ဆက်တိုက်လုပ်ဆောင်နေပါတယ်” ဟု ပြောသည်။

    မွန်ဒေသအနှံ့ တိုက်ပွဲအရှိန်မြှင့်တင်နိုင်ရန် “ရာမညပူးတွဲစစ်ကြောင်း” တွင် ပါဝင်သည့် မွန်တပ်လေးတပ်အပြင် တစ်ခြားသော မွန်တပ်တို့နှင့်လည်း ပူးပေါင်းနိုင်ရေး ကြိုးပမ်းနေသည်ဟု နိုင်မာဃက ဆက်ပြောသည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက မွန်ဒေသတွင် နိုင်ငံရေး၊ စစ်ရေးဖော်ဆောင်မှုများ ပိုမိုတိုးချဲ့လုပ်ဆောင်နိုင်ရန် ရည်ရွယ်ပြီး မွန်တော်လှန်ရေးတပ်ဖြစ်သည့် မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO အပြင် ဂဠုန်စစ်ကြောင်းတို့က “ရာမညပူးတွဲစစ်ကြောင်း” တွင် ပါဝင်သည့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) နှင့် အလုံးစုံပူးပေါင်းခဲ့သည့်ဖြစ်စဉ်လည်း ရှိလာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks