မွန်ပြည်နယ်တွင် ဘုရားသုံးဆူနှင့် မြဝတီနယ်စပ်ဘက်မှ တင်သွင်းလားသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီတို့က လိုက်လံသိမ်းဆည်းနေသည့်အပြင် စက်သုံးဆီအခက်ခဲကြောင့် ယခုလအတွင်း ကုန်စည်ပစ္စည်းဈေးနှုန်း အနည်းငယ်မြင့်တက်နေသည်ဟု သိရသည်။

စစ်ကောင်စီအဖွဲ့တို့မှ ထိုင်းစားသောက်ကုန်နှင့် အလှကုန်ပစ္စည်းတို့ကို မြို့အဝင်အထွက်နေရာများတွင် သိမ်းယူနေသည့်အပြင် လက်ရှိတွင် စက်သုံးဆီအခက်ခဲကြောင့် သယ်ယူပို့ဆောင်ရေးစရိတ်အတွက်လည်း ၂ ဆအထိကုန်ကျများလာကြောင်း ကုန်သည်တို့က ဆိုသည်။
ထို့ကြောင့် ထိုင်းဘတ်ငွေဈေးပုံမှန်အတိုင်းရှိသော်လည်း မော်လမြိုင်ဈေးကွက်အတွင်း ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းများ ပြီးခဲ့သည့်ဇန်နဝါရီလထက် ဈေးနှုန်းကြီးမြင့်လာသည်။
မော်လမြိုင်အိမ်ရှင်မတစ်ဦးက “ပြီးတဲ့လက ထိုင်းစားသုံးဆီတွေ တစ်လီတာတစ်ဘူး ၇၇၀၀ လောက်ရှိတယ်။ အခုလက ၈၀၀၀ ကျော် ၉၀၀၀ ဝန်းကျင်လောက်ဖြစ်သွားတယ်။ ဈေးက တစ်လအတွင်းမှာ ၁၀၀၀ ကျော်တက်သွားတယ်။ အခြားထိုင်းကုန်ပစ္စည်း တွေလည်း ဈေးတက်တယ် ” ဟု ပြောသည်။
မြဝတီ- မော်လမြိုင်၊ ဘုရားသုံးဆူ- မော်လမြိုင် လမ်းပိုင်းရှိတစ်လျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တို့သည် ဂိတ်ကြေးပေးသည့် ပမာဏပေါ်မူတည်၍ ကုန်ပစ္စည်းတို့ကိုသိမ်းဆည်းခြင်း၊ တားမြစ်ခြင်းတို့လုပ်ဆောင်နေသဖြင့် ဂိတ်ကြေးပိုမိုပေးဆောင်ရကြောင်းလည်း ကုန်သည်တစ်ဦးက ဆိုသည်။
“ collagen နှစ်ပုံးတင်လာတယ်၊ စစ်ကောင်စီတွေနဲ့ တွေ့တော့ သူတို့ရစ်တယ်။ အခွန်တွေ မဆောင်ဘူးလား ဘာညာတွေပေါ့ သူတို့ကို တစ်ပုံး ၅ သောင်းပေးလိုက်ရတယ်။ နောက်တစ်ခါတွေ့ရင် အကုန် သိမ်းလိုက်မယ်။ အဲကြောင့်အခုက နည်းနည်းဆီ ခိုးထုတ်ရတယ်။ ဝှက်ရတယ်။ သူတို့ မစစ်အောင် ၅၀၀၀ ၊ ၄၀၀၀ကျော် လာဘ်ထိုးပြီး ထုတ်ရတယ်။ သူတို့ပိုက်ဆံရနေရင် မစစ်ဘူး အဲလို၊ သွင်းဖို့ခက်တယ်အခုက အဲကြောင့်ဈေးကြီးတယ်။” ဟု ထိုသူကဆက်ဆိုသည်။
ထိုင်းအစိုးရမှ ကျားဖြန့်နှိမ်နင်းရေးအတွက် နယ်စပ်ဒေသများကို လောင်စာဆီနှင့် လျှပ်စစ်မီး ဖြတ်တောက်လိုက်သည့်နောက် စက်သုံးဆီ ၁ လီတာ ဘတ် ၆၀ ကျော်ဖြင့် ဝယ်ယူပို့ဆောင်နေရခြင်းကြောင့် မြင့်တက်နေသည့် ကုန်ဈေးနှုန်းအပေါ် ထပ်မံရိုက်ခတ်လာကြောင်း ဆက်ပြောသည်။
ဖေဖေါ်ဝါရီ ၅ ရက်နေ့မှ စတင်၍ မြဝတီနှင့် ဘုရားသုံးဆူအပါအဝင် မြန်မာ – ထိုင်းနယ်စပ်ရှိ နေရာ ၅ ခုကျော်တွင် လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီ ဖြတ်တောက်လိုက်ပြီး ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို တားဆီးနှိမ်နင်းလျှက်ရှိသည်။
ထိုအချိန်မှစ၍ ထိုင်းကုန်ပစ္စည်းများကို မြန်မာဘက်သို့ တင်သွင်းခွင့်စတင်ကန့်သတ်ခဲ့ပြီး ကုန်သွယ်ရေးအခက်ခဲများရှိလာပြီး ဈေးလည်းထပ်မံ မြင့်တက်လာခဲ့သည်။