Wednesday, March 25, 2026
More
    spot_img
    Homeသတင်းကျိုက်မရောတွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားကား (၃) စီး ထိမှန်ပျက်စီး

    ကျိုက်မရောတွင် စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားကား (၃) စီး ထိမှန်ပျက်စီး

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ စံပယ်ဂူတံတားတွင် တပ်စွဲထားသည့် အရှေ့တောင်တိုင်း စစ်ဌာနချူပ်လက်အောက်ခံ ခမရ (၂၀၈) တပ်ရင်းမှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားကား (၃) စီး ထိခိုက်ပျက်စီးသွားသည်ဟု တော်လှန်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။

    ယမန်နေ့ (ဖေဖော်ဝါရီ ၁၆ ရက်) က စပယ်ဂူတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ ကော့ဒွန်းကော့ပနော့လမ်းဆုံရှိ တော်လှန်ရေး စစ်ဆေးရေးဂိတ်တစ်ခုကို တိုက်ခိုက်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူ မရှိသော်လည်း အရပ်သားကား (၃) စီး ထိမှန်ပျက်စီးခဲ့သည်ဟု ဆိုသည်။

    “မနေ့က နေ့လယ်ပိုင်းလောက်မှာ ကော့ဒွန်းကော့ပနော့ ကျားသုံးကောင် လမ်းလေးခွ စစ်ဆေးရေးဂိတ်မှာ စကစက ဒရုန်းနဲ့ ဗုံးသီးတွေ လာကြဲလိုက်တယ်။ အဲဒီနေရာနဲ့ မနီးမဝေးမှာ (မွန်ပြည်သစ်ပါတီ) AD ဂိတ်ရှိတယ်။ အဲဒီဘက်က ငြိမ်နေတာကြာပြီ။ အဲဒီလိုတိုက်ခိုက်မှုဖြစ်ပြီး ကော့ဒွန်းကော့ပနော့ရွာဘက်မှာ အိမ်တွေ၊ ဆိုင်တွေ အကုန်ပိတ်လိုက်ကြပြီ၊ လမ်းမှာ လူတောင် မသွားလာရဲကြသေးဘူး” ဟု ယင်းဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

    အရှေ့တောင်တိုင်း စစ်ဌာနချူပ် လက်အောက်ခံ (၂၀၈) တပ်ရင်း ဒရုန်းတပ်ဖွဲ့မှ နေ့လယ်ပိုင်း ၁၁ နာရီကျော်ခန့်တွင် ပထမအကြိမ် ဗုံးသီးနှစ်လုံး လာရောက်ကြဲချခဲ့ပြီး နေ့လယ် ၁ နာရီအချိန်ခန့်တွင် ဒုတိယအကြိမ် ဗုံးသီးနှစ်လုံး စုစုပေါင်း ၄ လုံးဖြင့် လာရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

    စပယ်ဂူတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်တို့က ခရီးသွားပြည်သူများကို ပိုမိုတင်းကြပ်စွာ စစ်ဆေးမေးမြန်းနေကြောင်း၊ အနီးတစ်ဝိုက်တွင် တော်လှန်ရေးပူးပေါင်းတပ်တို့က နီးကပ်စွာ တပ်စွဲအခြေချထားသည့်အတွက် အချိန်မရွေး တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်းရသည်ဟု ကော့ပနော့ ဒေသခံတစ်ဦးက ပြောသည်။

    “စပယ်ဂူတံတား အစွန်းနှစ်ဖက်လုံးမှာ ဟိုဘက်ထိပ်ရော၊ ဒီဘက်ထိပ်ရောက စကစတွေ တပ်စွဲထားတယ်လေ။ နောက်ပြီး ကျိုက်မရောကနေ စပယ်ဂူတံတားအဝင်လမ်းမှာလည်း တစ်ဂိတ်ရှိသေးတယ်။ အင်အားဖြည့်လာပြီးနောက်ပိုင်း လုံခြုံအဆောက်အုံတွေလည်း ပိုဆောက်လာတယ်။ လူနည်းနည်းများ လာသလိုပဲ စကစတွေက၊ အဲတံတားပေါ်ရောက်ရင် ဆိုင်ကယ်ဘောက်တွေ၊ ဦးထုပ်ချွတ်ခိုင်းပြီး ဘောင်ဘီတွေမှာ သူတို့စစ်တယ်။ ပြီးတော့ မျိုးစုံလှည့်ပတ်မေးနေတယ်။ စပယ်ဂူတံတားကနေဆင်းလာပြီး နည်းနည်းသွားလိုက်တာနဲ့ တော်လှန်ရေးပူးပေါင်းဂိတ်တွေ ရှိတယ်။ နီးနီးလေးပဲ။ အချိန်မရွေးတိုက်ပွဲ ဖြစ်နိုင်တယ်” ဟု ပြောသည်။

    နယ်မြေစိုးမိုးနိုင်ရေးအတွက် ပြန်လည်ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်သည် ၂၀၂၄ ခုနှစ်၊ နှစ်ကုန်ပိုင်းမှစတင်ပြီး တိုက်ပွဲများအတွင်း လေကြောင်းတိုက်ခိုက်မှုများကို အသုံးမပြုတော့ဘဲ တိုက်ခိုက်ရေးအတွက် ဒရုန်းများကို တွင်ကျယ်စွာ အသုံးပြုလာသည်ဟု တော်လှန်ရေးအဖွဲ့တို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks