spot_img
Saturday, February 28, 2026
More
    spot_img
    Homeသတင်းရသေ့တောင်ကျေးရွာတွင် သက်ငယ်မုဒိမ်း ကျူးလွန်သူကို ဖမ်းဆီး အမှုဖွင့်ထား

    ရသေ့တောင်ကျေးရွာတွင် သက်ငယ်မုဒိမ်း ကျူးလွန်သူကို ဖမ်းဆီး အမှုဖွင့်ထား

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရသေ့တောင်ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် သက်ငယ်မုဒိမ်းမှု ကျူးလွန်သူကို ဖမ်းဆီးပြီး သံဖြူဇရပ်မြို့မရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်တို့ထံမှ သိရသည်။

    ရသေ့တောင်ကျေးရွာနေ အသက် ၃၈ နှစ်အရွယ်ရှိ ဦးနိုင်ဝင်းက ၎င်း၏သမီးအရင်းဖြစ်သူ အသက် ၁၁ နှစ်အရွယ် မ (—-) ကို အကြိမ်ကြိမ်ပြစ်မှားကျူးလွန်နေသော်လည်း ၎င်း၏ ခြိမ်းခြောက်ပြောဆိုမှုများကြောင်း ဇနီးဖြစ်သူက ဖြစ်စဉ်ကို သိရှိသော်လည်း မပြောရဲဘဲ တိတ်ဆိတ်ပေးခဲ့ရသည်ဟု ဆိုသည်။

    သို့သော် ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၉ ရက်နေ့က ဦးနိုင်ဝင်း၏ ဇနီးဖြစ်သူက ဒေသတွင်းအခြေစိုက် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) ထံ သွားရောက်တိုင်ကြားခဲ့ကာ လာရောက် ဖမ်းဆီးခဲ့ပြီး ထိုမှတစ်ဆင့် သံဖြူဇရပ်မြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ဟု IMNA ၏ ဒေသတွင်းသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

    “ကလေးအမေက သူ့သမီးအကြိမ်ကြိမ် ပြစ်မှားခံနေရပေမဲ့ သူ့ယောကျာ်းရဲ့ ခြိမ်းခြောက်မှုကြောင့် ရပ်ကွက်က လူတွေကို သွားမတိုင်ရဲဘူး။ ပြောပြရင် သတ်မယ်လို့ သူ့ယောကျာ်းက ခြိမ်းခြောက်ထားတာကိုး။ ဒါပေမဲ့ မပြောလို့မရတဲ့အခြေအနေ ဖြစ်လာတဲ့အတွက် DKBA ကို သွားတိုင်လိုက်တယ်။ DKBA ကပဲ လာရောက်ဖမ်းဆီးပြီးတော့ သံဖြူဇရပ်ရဲစခန်းကို သွားပို့ပေးလိုက်တယ်” ဟု ပြောသည်။

    မုဒိမ်းမှု ကျူးလွန်သူ ဦးနိုင်ဝင်းသည် အိမ်ထောင်နှစ်ဆက် ရှိထားသူဖြစ်သည့်အပြင် လူသတ်မှုဖြင့် ထောင်ကျခဲ့ဖူးသူတစ်ဦးဖြစ်ကြောင်း၊ တစ်မိသားစုလုံးက ဧရာဝတီတိုင်းဇာတိ ဖြစ်ပြီး ရသေ့တောင်ကျေးရွာသို့ ရေလုပ်သားအလုပ် လုပ်ကိုင်ရန် ပြောင်းရွှေ့လာခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

    “လူသတ်လိုက်လို့လည်း ထောင်ကျခဲ့ဖူးတယ်လို့ သူ့ဇနီးက ပြောတယ်။ ဒီဇနီးက ဇနီးငယ်ဖြစ်တယ်။ အိမ်ထောင်နှစ်ဆက်ကျထားတယ်။ အရင်အိမ်ထောင်နဲ့လည်း ကလေးတစ်ယောက် ရထားတယ်။ ဒီဇနီးနဲ့လည်း ဒီကလေးတစ်ယောက်ရထားတယ်။ အခု ဒီဇနီးနဲ့ ရထားတဲ့ သူ့သမီးအရင်းကိုပဲ သူ့ပြန်ပြစ်မှားတယ်။ သူတို့က ရသေ့တောင်ရွာ ကမ်းရိုးတန်းရပ်ကွက် ဘက်မှာ နေနေကြတယ်။ ရေလုပ်သားအလုပ် လုပ်ကိုင်နေကြတယ်” ဟု အထက်ပါ သတင်းအရင်းအမြစ်က ပြောသည်။

    လက်ရှိတွင် သမီးအရင်းဖြစ်သူကို မုဒိမ်းမှုကျူးလွန်ခဲ့သည့် အဖေဖြစ်သူ ဦးနိုင်ဝင်းအား သံဖြူဇရပ်မြို့မရဲစခန်းမှ သက်ငယ်မုဒိမ်းကျူးလွန်မှုဖြင့် အမှုဖွင့်အရေးယူထားပြီး ၎င်း၏ ဇနီးဖြစ်သူနှင့် ကလေးတို့ကို ကျေးရွာတာဝန်ရှိသူတို့က လုံခြုံရေးစောင့်ကြည့်ပေးထားကြောင်း ဆိုသည်။

    မုဒိမ်းမှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပုဒ်မ ၃၇၆ ဥပဒေပါ ပြဋ္ဌာန်းချက်အရ မုဒိမ်းမှုကျူးလွန်ပါက အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ် ဖြစ်စေ၊ တစ်သက်တစ်ကျွန်း ဖြစ်စေ ချမှတ်နိုင်သည်ဟု ဖော်ပြထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks