မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဥ်ဖြင့် လိုက်လံ ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။

ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ နေ့လည် ၁၂ နာရီခန့်က တစ်ကြိမ်၊ ညနေ ၄ နာရီဝန်းကျင်ခန့်က တစ်ကြိမ် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ကော်ကပ်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာစာသင်ကျောင်း အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့သည်။
၎င်းပြင် ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်ခန့်တွင်လည်း ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းနှင့် ကျေးရွာဝန်းကျင်ကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဥ်တစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီ ဂျက်ဖိုက်တာလေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၃ ဦးသေဆုံးပြီး၊ ၁၀ ဦးကျော် ထိမှန်ဒဏ်ရာရရှိခဲ့သည့်အပြင် ပိန္နဲကုန်းကျေးရွာ ဘုန်းကြီးကျောင်းလည်း ထိခိုက်ပျက်စီးသွားကြောင်း KNU က ထုတ်ပြန်ထားသည်။
ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့အတွင်းပင် ဘီးလင်းမြို့နယ်၊ တဂေးလောင်းချောင်းဖျားကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးကြောင်းလည်း ဆိုသည်။
စစ်ကောင်စီက ကျေးရွာစာသင်ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ စေတီပုထိုးများနှင့် ပြည်သူပိုင် နေအိမ်များကို ပစ်မှတ်ထားကာ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းလည်း KNU က ပြောသည်။
စစ်ကောင်စီသည် ၂၀၂၄ နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ကစပြီး သထုံခရိုင်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ကြိမ်ဖန်များစွာပြုလုပ်လာခဲ့ကြောင်း ဖေဖော်ဝါရီလ ၁၊ ၇၊ ၉ ရက်နေ့နှင့် ဇန်နဝါရီလအတွင်းတွင်လည်းကောင်း လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။