ထိုင်း- မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့တွင် ကျားဖြန့်လုပ်ငန်းနောက်ဆက်တွဲကြောင့် ထိုင်း အာဏာပိုင်မှ လျှပ်စစ်မီး၊ အင်တာနက်နှင့် လောင်စာဆီဖြတ်တောက်ထားပြီး၊ ကုန်စည်အပြန်အလှန်ဖြတ်သန်းခွင့်တို့ကိုပါ ကန့်သတ်လိုက်မည်ကို ဘုရားသုံးဆူဒေသခံတို့က စိုးရိမ်နေသည်။

ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ထိုင်းအာဏာပိုင်တို့မှ ဘုရားသုံးဆူနယ်စပ်ဘက်သို့ စစ်ဆေးရေးပြုလုပ်ရန်ရှိပြီး နှစ်နိုင်ငံကြား ဖြတ်သန်းသွားလာခွင့်နှင့် ကုန်စည်အပြန်အလှန်တင်ပို့ခွင့်ကို ထပ်မံကန့်သတ်လာနိုင်ကြောင်း ဘုရားသုံးဆူဒေသခံတို့ကြား ပြောဆိုလျှက်ရှိသည်။
လျှပ်စစ်မီး ဖြတ်တောက်ခံရသည့်ရက်မှစ၍ မြန်မာကုန်ပစ္စည်းအချို့ ဈေးမြင့်တက်လာပြီး နယ်စပ်ဖြတ်ကျော်ခွင့် ထပ်မံတင်းကြပ်မည်ဆိုပါက ဘုရားသုံးဆူအတွင်းရှိ ထိုင်းစက်ရုံအလုပ်သမားများတို့အပြင် တစ်နိုင်တစ်ပိုင်ကုန်စည် ဝယ်ယူတင်သွင်းနေသည့် ဒေသခံများလည်းခက်ခဲလာနိုင်သည်ဟု ဘုရားသုံးဆူမြိုခံတစ်ဦးကပြောသည်။
“၁၅ ရက်နေ့ကျရင်ထိုင်းဘက် ကသွားလာဖြတ်သန်းခွင့်ကိုပါတင်းကြပ်တော့မယ်ဆိုပြီးပြောနေတယ်၊ အဲ့လိုဆို ဒီဘုရားသုံးဆူကနေထိုင်းဘက်ခြမ်း စက်ရုံးအလုပ်သွားလုပ်နေတဲ့ အလုပ်သမားတွေကခက်ခဲတာပေါ့၊ သူတို့ သူဌေးစီစဉ်ပေးရင်တော့ ကောင်းတာပေါ့နော် ၊ကျနော်တို့ ကျောင်းကားကတော့ သွားလာတာကိစ္စ မရှိလောက်ဘူး၊ အခုကတော့စားသောက်ကုန်နှင့် အသားငါးတွေတော့ တင်သွင်းလို့ရသေးတယ် မနက်ပိုင်း ၉ နာရီခွဲ လောက်ပေးသွားတယ် ” ဟု ၎င်းကပြောသည်။
ဘုရားသုံးမြို့ရှိ နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံဘက်မှ ကြက်သွန်နီနှင့် ငါးများ ထိုင်းနိုင်ငံဘက်သို့ တင်သွင်းနေပြီး ထိုင်းနိုင်ငံဘက်မှ အိမ် ဆောက် ပစ္စည်းများနှင့် အလှကုန်ပစ္စည်းတို့ကို ပြန်လည် တင်းသွင်းလေ့ရှိသည်။
လက်ရှိတွင် ထိုင်းနယ်စပ်မှလောင်စာဆီတစ်နိုင်တစ်ပိုင်သာတင်သွင်းခွင့်သာရရှိနေသည့်အတွက် ဓာတ်ဆီတစ်လီတာ ဘတ် ၇၀ အထိမြင့်တက်နေပြီး ဆိုင်ကယ်အဌားလိုက်သူများ တွက်ချေမကိုက်သည့်အပြင် ဆီပြတ်လတ်မှုပါ ကြုံတွေ့နေရသည်ဟု မြို့ခံသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
“အဓိကကတောဓာတ်ဆီခက်ခဲလာပြီး အရင်ကသူတို့ထိုင်းဘက်ခြမ်းကနေနည်းနည်းနဲ့ တင်သွင်းပြီး ရောင်းနေ သေး တယ် ဒီနောက်ပိုင်းဆိုမပေးသွင်းတော့ဘူး၊ အဌားဆိုင်ကယ်သမားတွေဆိုခက်ခဲလာပြီးလို့ ပြောတယ်၊ ၁ လီတာ ၆၀/၇၀ လည်းဝယ်လို့မရတော့ဘူး”ဟု၎င်းကပြောသည်။
ကျားဖြန့်ငွေလိမ်လုပ်ငန်းကိုချေမှုန်းသည့်အနေဖြင့် ထိုင်းအစိုးရက ဘုရာသုံးဆူမြို့အပါအဝင် နယ်စပ်တစ်လျှောက်ရှိ ဒေသ ၅ ခုတွင် ဖဖော်ဝါရီ ၅ ရက်မှစပြီး လျှပ်စစ်မီး၊ လောင်စာဆီနှင့်အင်တာနက်တို့ကို ယနေ့အထိဖြတ်တောက်ထားကြောင်းသိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်တွင် ဘုရားသုံးဆူမြို့မှ တရားမဝင်၊ ဝင်ရောက်လာသည့် စားသောက်ကုန်လုပ်ငန်း၊ ကာစီနိုင်လောင်းကစားလုပ်ငန်း၊ ဂိမ်းရုံများဖွင့်လှစ်လုပ်ကိုင်နေသည့်တရုတ်လူမျိုးများအနေဖြင့် ဖေဖော်ဝါရီ ၂၈ ရက်မတိုင်ခင်ထွက်ခွာရန်နှင့် လိုက်နာမှုမရှိပါက အရေးယူမည်ဟု ဒီမိုကရေစီအကျိုးပြုတပ်မတော် DKBA မှထုတ်ပြန်သည်။
DKBA အမှတ် (၂) နည်းဗျူဟာအဖွဲ့ ဗိုလ်မှူးကြီးစောအေဝမ်း လက်မှတ်ရေးထိုးထုတ်ပြန်သည့် ကြေညာချက်တွင် တရားမဝင် အွန်လိုင်း ငွေကြေးလိမ်လည်မှု လုပ်ငန်းနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ ဘုရားသုံးဆူမြို့ အတွင်း အခြေချလုပ်ခွင့် မရှိစေရန်နှင့် ဒေသခံတို့၏ လူမှုစီးပွား ထိခိုက်နစ်နာမှု လျော့ကျလာသွားရန် အစွမ်းကုန် ကြိုးပမ်းသွားမည့်အကြောင်းပါရှိပါသည်။
သို့သာ် လက်ရှိအချိန်အထိ DKBA တို့ဆောက်လုပ်ထားသည့် အဆောက်အအုံထဲတွင် တရုတ်နိုင်ငံသားတို့ နေထိုင်နေဆဲဖြစ်ပြီး မြို့အတွင်း နေထိုင်နေသည့် တရုတ်များလည်း ရှိနေဆဲဖြစ်သည်ဟု မြို့ခံသတင်းအရင်းအမြစ် တစ်ဦးကပြောသည်။
“အခုထိတော်တော်များများ ရှိနေတုန်းပေါ့တရုတ်တွေက သူတို့ဆောက်ထားတဲ့နေရာကို ပြောင်းသွားတဲ့ တရုတ် တွေလည်းများတယ်၊အမှတ် ၂ ဗျူဟာ စောအေဝမ်းကတော့သူတို့ လျှပ်စစ်မီး ပြန်ရဖို့အတွက် ကြိုးပမ်း ပေးနေတယ်လို့ပြောတယ်ပေါ့၊ လောင်းကစား တွေ တရုတ်တွေမရှိတော့ရင် ထိုင်းဘက်ကမီးပြန်ပေးရင်ပေး နိုင်တယ်ပေါ့၊ စောင့်ကြည့်နေတုန်းပါပဲ ဒီ ၁၅ ရက်ကျထပ်ပိတ်တင်းကြပ်ရင် မီးရဖို့ကတော့မလွယ်တော့ဘူး”ဟု ၎င်းကပြောသည်။
ထို့ပြင် လျှပ်စစ်မီးဖြတ်တောက်သည့် ဖေဖော်ဝါရီ ၈ ရက်နေ့မှစကာ မြို့ပေါ်ရှိကာစီနိုရုံများ၊ လောင်းကစားရုံ များကိုပိတ်သိမ်းရန် ကရင်အမျိုးသားအစည်းအရုံး KNU မှ ညွှန်ကြားခဲ့သဖြင့် ယခုအခါ လောင်းကစားရုံတို့ တွင်တိတ်ဆိတ်နေသည်ဟုသိရသည်။
ဘုရားသုံးဆူမြို့တွင် တရုတ်အွန်လိုင်းငွေလိမ်ဂိုဏ်းဟု ယူဆရသည့်လုပ်ငန်း အပါအဝင် တရုတ်လုပ်ငန်း တချို့ရပ်ဆိုင်းပြီး မြို့မှထွက်ခွာနေကြသည်ဟု ထိုင်းသတင်းဌာနမှ ဖေဖော်ဝါရီ ၁၃ ရက်နေ့က ထိုင်းသတင်းဖော်ပြချက်အရ သိရသည်။