ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ထိုင်းအစိုးရက လျှပ်စစ်မီးဖြတ်တောက်လိုက်သည့် အကျိုးဆက်အနေဖြင့် ဘုရားသုံးဆူမြို့ခံများ သောက်သုံးရေး ပြတ်လပ်မှုပြဿနာနှင့် ရင်ဆိုင်ကြုံတွေ့ရေသည်ဟု မြို့ခံတို့ထံမှ သိရသည်။
ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းကို ချေမှုန်သည့်အနေဖြင့် ထိုင်းအစိုးရက ဘုရားသုံးဆူမြို့အပါအဝင် နယ်စပ်တလျှောက်ရှိ နေရာ ၅ ခုကို ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး လျှပ်စစ်မီး၊ လောင်စာဆီနှင့် အင်တာနက်တို့ကို ဖြတ်တောက်ခဲ့သည်။

ထိုသို့ လျှပ်စစ်မီဖြတ်တောက်လိုက်ပြီးနောက် ဘုရားသုံးဆူမြို့ပေါ်ရှိ ရေသန့်စက်ရုံများ လုပ်ငန်းလည်ပတ်နိုင်ခြင်းမရှိတော့ပဲ တမြို့လုံး သောက်ရေ ရရှိရန် အခက်အခဲဖြစ်လာခဲ့သည်ဟု ဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။
“မီးဖြတ်လိုက်တော့ ရေသန့်စက်ရုံတွေ ရေတင်မရ။ ရေသန့်မဖြန့်ဖြူးနိုင်တော့ သောက်ရေ အကုန်အခက်အခဲ ဖြစ်သွားကြတယ်။ အဓိက အခက်အခဲဆုံးက အဲသောက်ရေပဲလေ။ သောက်ရေသန့် ဖြတ်လပ်သွားတယ်” ဟု ၎င်းမြို့ခံက ပြောသည်။
မြို့ခံများ ရင်ဆိုင်ကြုံတွေ့နေရသည့် သောက်ရေအခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် ဘုရားသုံးဆူမြို့ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနေသည့် မြပန်းကုမ္ပဏီက မီးစက်နှင့် ဆိုလာပြာကို အသုံးပြုပြီး ရေသန့်စက်ရုံလည်ပတ်နိုင်ရေး စီစဉ်နေသည်ဟု မြပန်းကုမ္မဏီ တာဝန်ရှိသူတစ်ဦးက လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။
“အခုလောလောဆယ် ရေသန့်လုပ်ငန်းမှာ ရေတင်နိုင်ဖို့ပဲ ကြိုးစားပေးနေတယ်။ စက်သုံးဆီလည်း မရတော့ တစ်မြို့လုံးကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ဖို့က မဖြစ်နိုင်သေးဘူး။ ဒေသခံတွေက အဓိကတော့ သောက်ရေနဲ့ အခက်အခဲဖြစ်နေကြတယ်။ အဲကြောင့် မီးစက်တစ်ပိုင်း၊ ဆိုလာတစ်ပိုင်း အသုံးပြုပြီး သောက်ရေရအောင် စီစဉ်ပေးသွားမယ်။ တစ်မြို့လုံးကို လျှပ်စစ်မီးဖြန့်ဖြူးပေးမဲ့အပိုင်းက စက်သုံးဆီ မရှိသေးတော့ မစီစဉ်နိုင်သေးဘူး” ဟု အထက်ပါ မြပန်းကုမ္မဏီ တာဝန်ရှိသူက ပြောသည်။
ထိုင်းနိုင်ငံဘက်က လျှပ်စစ်မီးနှင့် လောင်စာဆီ ဖြတ်တောက်ခဲ့ခြင်းကြောင့် ဘုရားသုံးဆူမြို့နေ ပြည်သူများ သောက်သုံးရေအပြင် လျှပ်စစ်မီးပြတ်တောက်မှုနှင့် ဆက်နွယ်သော လူမှုစီးပွားထိခိုက်နစ်နာမှုများ ခံစားနေကြရသည်။
“လျှပ်စစ်မီးက ဒီအတိုင်းသာ ဆက်သွားနေမယ်ဆိုလို့ရှိရင် လုပ်ငန်းတွေက ဒီအတိုင်းရပ်တန့်သွားရပါလိမ့်မယ်။ ဒီလိုမျိုး မီးဖြတ်တာက ဒေသခံတွေအတွက် အင်မတန်မှ ဒုက္ခဖြစ်ကြပါတယ်။ ကျားဖြန့်လုပ်ငန်းကို နှိမ်းနှင်တာက ပြည်သူတွေ မပြောလိုပါဘူး။ ဒီလိုမျိုး မီးဖြတ်တောက်ကတာ မလုပ်သင့်ဘူးလို့ မြင်ပါတယ်။ လောင်စာဆီနဲ့ အင်တာနက် ဖြတ်တောက်တာက ပြည်သူတွေအတွက် ထိခိုက်နစ်နာမှု သိပ်မရှိသေးပေမဲ့ လျှပ်စစ်မီး ဖြတ်တောက်တာကျတော့ တော်တော်ဒုက္ခဖြစ်ကြပါတယ်” ဟု အခြားဘုရားသုံးဆူမြို့ခံတစ်ဦးက ပြောသည်။
ဘုရားသုံးဆူမြို့ပေါ်က တရုတ် ကျားဖြန့် အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် အဓိက ပါဝင်ပတ်သက်နေသည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကတော့ ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးနှင့် လောင်စာဆီများ ယခင်အတိုင်း အမြန်ဆုံးပြန်လည်ရရှိစေရန်အတွက် အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင်သွာမည်ဟု ဖေဖော်ဝါရီလ ၉ ရက်နေ့က ထုတ်ပြန်ထားသည်။
၎င်းပြင် ဘုရားသုံးဆူမြို့အတွင်း တရားမဝင် ဝင်ရောက်ကာ စားသောက်ကုန် ရောင်းချခြင်း၊ ကာစီနိုလောင်းကစားရုံလုပ်ငန်းများနှင့် ဂိမ်းရုံများ လုပ်ကိုင်နေကြသည့် တရုတ်နိုင်ငံသားများအနေဖြင့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မတိုင်မီ အမြန်ဆုံး ထွက်ခွာပေးကြရန်လည်း DKBA က ထုတ်ပြန်သည်။
ဘုရားသုံးဆူမြို့အတွင်းက တရားမဝင် အွန်လိုင်းငွေကြေးလိမ်လည်မှု လုပ်ငန်းများနှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ လာရောက် အခြေချ လုပ်ဆောင်နိုင်ခြင်းမရှိစေရန်နှင့် တရုတ်လူမျိုးများ တရားမဝင် ထပ်မံ ဝင်ရောက်မှု မရှိစေရန် ထိရောက်စွာ ပိတ်ပင်တားမြစ်သွားမည်ဟု ထုတ်ပြန်ပြောဆိုထားသည်။