ကရင်ပြည်နယ်၊ ထိုင်း- မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလကုန်ရက်အတွင်း တရုတ် နိုင်ငံသား ၄၀၀ နီးပါး ထပ်မံပြောင်းရွှေ့ဝင်ရောက်လာသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

၂၀၂၅ နှစ်ဆန်းရက်မှစ၍ ထိုင်း- မြန်မာနယ်စပ် မြဝတီ- ရွှေကုက္ကိုလ်တွင် ကျားဖြန့်နှိမ်နှင်းရေးလုပ်ငန်းများ တင်းကြပ်လာသဖြင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့အချိူ့၏ အကူအညီဖြင့် ဘုရားသုံးဆူနယ်စပ်ဘက်သို့ ထပ်မံပြောင်းရွှေ့လာသည်ဟု မြို့ခံတစ်ဦးကပြောသည်။
“၂၆ ရက်နေ့တုန်းက တရုတ် ၄၀၀လောက်ဝင်လာတယ်၊ မြဝတီဘက်ကနေရွှေ့ပြောင်းလာတာလို့ သိရတယ်၊ ဒီဘက်ကိုတော်တော်များများ ပြောင်းလာတယ်အရင်ကတော့သူတို့ကို BGF တွေကတာဝန်ယူထားတာပဲ အခု တော့pressure တွေများလာတော့သူတို့လည်း တာဝန်မယူတော့ဘူး၊ အခု ဒီနှစ်လပိုင်းမှာလည်း မြဝတီ ဘက်မှာတင်းကြပ်ဦးမယ်ဆိုတော့လေ” ဟု ၎င်းကပြောသည်။
ယခင်တွင် ဘုရားသုံးဆူ ဒေသတွင်း အထိုင်ချနေသည့် ဒေသတွင်းလက်နက်ကိုင်အဖွဲ့ဖြစ်သည့် DKBA တို့၏ အကူအညီဖြင့် မော်လမြိုင်- ကြာအင်းဆိပ်ကြီးလမ်းပိုင်းမှတစ်ဆင့် ဝင်ရောက်လာသော်လည်း နောက်ပိုင်း ကြာအင်းဆိပ်ကြီး- ကော့ကရိတ် လမ်းပိုင်းမှတစ်ဆင့်သာ အများစုဝင်လာကြကြောင်း သတင်းအရင်းမြစ်ထံမှသိရသည်။
လက်ရှိ ဘုရားသုံးဆူမြို့ဒေသတစ်ဝိုက်အခြေချထားသည့် (KNU) အပါအဝင်ဒေသအတွင်းရှိ အခြားသော လက်နက်ကိုင်အဖွဲ့တို့၏ သတိပေးမှုများကြောင့် တရုတ်နိုင်သားတိုး ဝင်ရောက်နေထိုင်ရန် အခက်အခဲရှိလာကြောင်းလည်း ဒေသခံတို့ပြောဆိုချက်အရ သိရသည်။
လက်ရှိ ဘုရားသုံးဆူမြို့တွင်းရှိ တရုတ်နိုင်ငံသားတို့သည် မြို့ပေါ်နှင့်ရပ်ကွက်တို့အတွင်း အလုံးအရင်းဖြင့်သွားလာခြင်းမရှိသော်လည်း ယင်းတို့ဌားရမ်းထားသည့်အိမ်တန်းနှင့် ဖွင့်လှစ်ထားသည့်စားသောက်ဆိုင် နောက်ကွယ်တို့တွင် ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေကြကြောင်း သိရသည်။
ဒေသတွင်းသတင်းအရင်းအမြစ်တစ်ဦးက “ ဒီအသစ်ဝင်လာတဲ့တရုတ်တွေကတော့ ဘုရားသုံးဆူဒေသခံလိုမျိုးတော့ သွားသွားလာလာ မြို့ပေါ်မှာ ပျံ့နေတာ တော့မဟုတ်ဘူး၊ DKBA တို့က အိမ်အဆင်သင့်ဌားထားတာတည်းခိုခန်း ဆိုလည်း ပြင်ဆင်ပြီးထားပဲဆိုတော့ အဲ့အဝန်းအဝိုင်းမှာနေနေတယ် မြို့မှာနေနေတဲ့သူတွေကကျ အလှပြင်ဆိုင် တွေဖွင့်၊ စားသောက်ဆိုင်တွေမှာနေနေတာရှိတယ် ” ဟု ၎င်းကပြောသည်။
အဆိုပါကျားဖြန့်ငွေလိမ်ဂိုဏ်တရုတ်နိုင်ငံသားများသည် ရာဇဝတ်မှုတစ်စုံတစ်ရာကျူးလွန်ထားသည့် ပြည်ပြေးတရုတ်များဖြစ်ခြင်းကြောင့် ငွေအမြောက်အများအကုန်ကျခံပြီး နေထိုင်နေကြသည်ဟုလည်း ဆိုသည်။
ထိုင်းနှင့်တရုတ်အကြားအပြန်အလှန်အဆိုပြု သဘောတူညီခဲ့ကြသည့် မြဝတီမြို့ရှိကျားဖြန့်နှိမ်နှင်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နေဆဲဖြစ်အဖြင့် ဘုရားသုံးဆူနယ်စပ်ဘက် တရုတ်နိုင်ငံသားဝင်ရောက်မှု ထပ်မံများပြားလာမည်ဟုလည်း ဒေသခံတို့ သုံးသပ်လျှက်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလအတွင်း တရုတ်နိုင်ငံသားတို့စတင်ဝင်ရောက်လာချိန်မှစ၍ ဘုရားသုံးဆူ မြို့အပြင်နေရာတို့တွင်လည်း ဆောက်လုပ်ဆဲ အဆောက်အအုံတို့ များပြားလာသည့်အပြင် ထပ်မံတိုးချဲ့ဆောက်လုပ်နိုင်ရေးအတွက် မြို့တွင်းရှိဆောက်လုပ်ရေပစ္စည်းများကို (ကန်ထရိုက်) ဝယ်ယူထားသဖြင့် မြို့ခံတို့ ဘိလပ်မြေအပါအဝင် အခြားဆောက်လုပ်ရေးပစ္စည်းတို့ဝယ်ယူရရှိမှုခက်ခဲနေကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် လှုပ်ရှားနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းများနှင့် ပါဝင်ပတ်သတ်နေသူများကို ပူးပေါင်းနှိမ်နင်းပြီး အမြင့်ဆုံးအပြစ်ဒဏ်ပေးရေးကို တရုတ်ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီးနှင့် ထိုင်းရဲချုပ်တို့ ဇန်နဝါရီ ၂၄ ရက်နေ့က ဘန်ကောက်တွင် တွေ့ဆုံဆွေးနွေးခဲ့သည့်နောက် ထိုင်အစိုးရမှ သတင်းထုတ်ပြန်ထားသေးသည်။
တစ်ဖက်တွင်လည်း ကျားဖြန့်အွန်လိုင်း ငွေလိမ်ဂိုဏ်းတို့တွင် စစ်ကောင်စီ၏ တာဝန်ရှိသူတို့ ပါဝင်ပတ်သတ်နေပါက ထိထိရောက်ရောက်အရေးယူသွားမည်ဖြစ်ကြောင်းလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ဖေဖော်ဝါရီ ၃ ရက်နေ့က နေပြည်မှာပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းဝေးတွင်ပြောဆိုခဲ့သည်။