spot_img
Tuesday, February 11, 2025
More
    spot_img
    Homeအမြင်နှင့်သုံးသပ်ချက်မွန်တို့ရဲ့ ရင်ထဲ ငိုရှိုက်သံ

    မွန်တို့ရဲ့ ရင်ထဲ ငိုရှိုက်သံ

    -

    အတွေးအမြင် – လဝီဝမ်

    ဘုရားထီတင်ပွဲရှိတာကြောင့် ဘကြီးနဲ့ ကျနော် ဘန်ကောက်မြို့က ဘန်ကဒီရပ်ကွက်ဘက်ကို ရောက်ခဲ့ကြပါတယ်။ ဘန်ကဒီက ထိုင်း-မွန်တွေ အများစုနေထိုင်တဲ့ ဒေသဖြစ်လို့ မွန်ဘုန်းတော်ကြီးကျောင်းလည်း တစ်ကျောင်းတည်ထားတာ ရှိပါတယ်။ ဘုရားထီးတင်ပွဲကတော့ အဲ့ဒီဘုန်းကြီးကျောင်းဝန်းထဲမှာပဲ ကျင်းပတာပါ။ ကျနော်နဲ့ ဘကြီး နှစ်ယောက်သာ မနက် ၈ နာရီခွဲလောက်မှာ ရောက်သွားကြတာပါ။ ကျနော်တို့ရောက်တဲ့ အချိန်မှာ ဘုန်းကြီးကျောင်းထဲ ခန့်မှန်ခြေ လူ ၂,၀၀၀ ကျော်လောက်တောင် ရောက်နေကြပါပြီ။ ထိုင်းနိုင်ငံလို့တောင် မထင်ရတော့လောက်အောင် ကိုယ့် မွန်လူမျိုးတွေကိုပဲ တွေ့ရလို့ ကျနော့်စိတ်ထဲမှာ မွန်ပြည်မှာပဲ ရှိနေသလိုတောင် ခံစားရပါတယ်။ ပွဲကို လာသမျှ မွန်တွေ အားလုံးနီးပါးကလည်း ကိုယ့်မွန်ရိုးရာဝတ်စုံကို အပြည့် ဝတ်ဆင်ပြီး ရောက်လာကြတာပါ။

    photo by Boonchai Theerawongsar

    အများသိတဲ့အတိုင်း ကျနော်တို့မွန်တွေက ဘာသာ သာသနာအရေးနဲ့ ပတ်သတ်ရင် အရမ်းကို ရိုသေ ကိုင်းရှိုင်းကြပါတယ်။ အလှူတွေ ဝိုင်းကပ်ကြလွန်းလို့ ကျောင်းထိုင်ဆရာတော်က မွန်မတည့်ခင် ဆွမ်းအမီစားဖို့တောင် အချိန်ကို မနည်းလုယူနေရတာ တွေ့ရပါတယ်။ ဆရာတော်ကလည်း ပျော်နေတာ အမှန်ပါပဲ။ ပွဲလာတဲ့သူအများစုက မွန်ရွေ့ပြောင်းအလုပ်သမားတွေပါ။ မွန်ပြည်ကနေ ထိုင်းနိုင်ငံကို လာပြီး အလုပ်လုပ်နေကြတဲ့သူတွေပါ။ တချို့ဆိုရင် ဂျိုင်းမြစ်ဝှမ်းဒေသက သူတွေဖြစ်တော့ သူတို့ နေရပ်ရင်းက အိုးအိမ်တွေ မီးတိုက်ခံရပြီး သူတို့မိသားစုနဲ့ အမျိုးအဆွေတွေက စစ်ဘေးဒဏ် ကို ခံနေကြရတဲ့သူတွေပါ။ ဒါပေမယ့် လူတွေ အားလုံးက ပြုံးရွှင်နေတော့ သူတို့ရဲ့ ရင်ထဲက ငိုရှိုက်သံတွေကိုတော့ ကျနော် မမြင်ခဲ့ရဘူးပေါ့။

    တခုသတိထားမိတာက ပွဲလာသူတွေက ရွေ့ပြောင်းအလုပ်သမားတွေဆိုပေမယ့် သူတို့မှာ စေတနာတရား အားကောင်းကြပါတယ်။ တချို့ဆို အုပ်စုနဲ့ ဘတ်ငွေ နှစ်သောင်းထည့်ကြသလို တချို့ကလည်း ဘတ်ငါးထောင်လောက် ထည့်ဝင်လှုဒါန်းကြတာ ရှိပါတယ်။ တချို့ကျတော့ တယောက်ကို ဘတ် ၁၀၀ ဝန်းကျင် ထည့်နေတာလည်း ရှိပါသေးတယ်။ ကျောင်းထိုင်ဆရာတော်ကတော့ မွန်တွေ အများကြီး လာတဲ့ပွဲကို ကြည့်ပြီး သူ့မျက်နှာမှာ ပီတိတွေနဲ့ပါ။ “သာသနာနဲ့ လူမျိုးအရေး အတူယှဥ်တွဲပြီး ကျနော်တို့တတွေ နေကြရအောင်” လို့လည်း ဆရာတော်က မိန့်ပါတယ်။ သာသနာအရေးဆိုတာ အခုလိုပဲ အလှူတွေကို စေတနာအားကောင်းကောင်းနဲ့ ဆက်ပြီး လှူကြဖို့ ဖြစ်ပါတယ်။ လူမျိုးရေး ဆိုတာကတော့ မွန်လက်နက်ကိုင်တော်လှန်ရေးကို သူက ဆိုလိုတာပါ။ မွန်တော်လှန်ရေး အဖွဲ့အစည်းတွေကိုလည်း အခုလိုပဲ ငွေကြေးပေးလှူသင့်တယ်လို့လည်း မိန့်ပါတယ်။

    မွန်တွေမှာ လက်နက်ကိုင်တော်လှန်ရေးက အားနည်းနေသေးတော့ ဘုန်းကြီးတွေရဲ့ အမြင်မှာတော့ မွန်ရွှေ့ပြောင်းအလုပ်သမားတွေ ပိုထောက်ပံ့ရင် တော်လှန်ရေးကလည်း အားကောင်းလာမယ်လို့ မျှော်လင့်ပုံရပါတယ်။ ပွဲထဲမှာ နောက်ထပ် သတိထားမိတာက အစားအသောက်ကို နိဗ္ဗာန်စျေးလို လုပ်ထားပြီး ဘယ်သူမဆို အခမဲ့စားသောက်လို့ရတာပါ။ ဘုရားထီးတင်ပွဲက ၁၂ နာရီလို့ သတ်မှတ်ထားပါတယ်။ ထီးတင်ပွဲမစခင် မိနစ် ၂၀ လောက်အလိုမှာ မွန်အဆိုတော် သုံးယောက်က တေးသီချင်းတွေကို သီဆိုကြပါတယ်။ လူတွေကလည်း သူတို့ရဲ့ ပျော်ရွှင်မှုကို ပြသကြပါတယ်။ အဆိုတော်တွေ တီးလုံးသံစဥ်တွေနဲ့ အတူ ပွဲလာ ပရိသတ် အမျိုးသား အမျိုးသမီးအများစု လိုက်ကကြပါတယ်။ စင်ပေါ်ကို တက်ပြီး အဆိုတော်တွေကို ဆုငွေချီးမြင့်တာကလည်း အများကြီးပါပဲ။ အဆိုတော်သုံးယောက်လုံး ဆုငွေအများကြီး ရလိုက်တာကို ကျနော် သတိထားမိပါတယ်။ ဒီနောက်မှာတော့ ထီးတော်တင်ပွဲ စတင်ပါတယ်။

    ရေစက်ချ အမျှဝေတာ မစခင် ဘန်ကောက်မှာ သီတင်းသုံးနေတဲ့ သိက္ခာတော်ရ မွန်ဆရာတော်ကြီးတပါးက မွန်တွေကို အမှာစကား စမိန့်ပါတယ်။ သူက မွန်ပြည်ကနေ ပြန်ရောက်တာ နှစ်ရက်လောက်ပဲ ရှိပါသေးတယ်တဲ့။ မွန်ပြည်ခရီးမှာ သူသိလာရတာတွေက လက်နက်ကိုင်တော်လှန်ကြတဲ့ တိုင်းရင်းသားတွေထဲမှာ မွန်တွေက အညံ့ဆုံးပဲတဲ့။ အခု စတည်ထောင်စ မွန်တပ်တွေဆိုရင် မွန်ကနေ ရှမ်းပြည်အထိ ခရီးရှည် နှင်ပြီး တအာင်းတွေ ဆီမှာ စစ်သင်တန်းသွားတက်ရသေးတယ်ဆိုတဲ့ အကြောင်းလည်း ပါပါတယ်။ ဟိုးအရင်ကတော့ တအာင်းတွေက မွန်ပြည်သစ်ဌာနချုပ်မှာ စစ်ပညာ လာလေ့လာရတာပါ။ ပြီးတော့ ဂျိုင်းမြစ်တလျှောက်က မွန်ရွာတွေမှာလည်း ကရင်လက်နက်ကိုင်တပ်တွေက ဝင်ရောက် နေရာယူထားတဲ့အကြောင်းကို သူက ပြောပါတယ်။ ကျိုက်မရော ဘိလပ်မြေစက်ရုံဒေသဆိုလည်း တိုက်ပွဲတွေကြောင့် ကိုယ့်မွန်လူထုတွေ အိုးအိမ် ပျက်စီးကုန်တာကို မွန်လက်နက်ကိုင်တွေက မကာကွယ်နိုင်တဲ့ အကြောင်းလည်း ပါပါတယ်။

    ဒီနေ့လို ဘုရားထီးတင်ပွဲမှာ မွန်တွေ အများကြီး တတ်ရောက်လာတာကို ဘုန်းကြီးက အများကြီး ဝမ်းသာပါတယ်တဲ့။ ကျနော်တို့ မွန်တွေက ဘာသာရေးဆိုရင် ပြည့်စုံလုံလောက်တယ်။ စီးပွားရေးမှာလည်း ကျနော်တို့ မွန်တွေ အိမ်၊ ခြံ၊ မြေတွေ ပိုင်ကြတယ်။ တချို့ဆိုရင် စီးပွားထူထောင် ကုမ္ပဏီတောင် ပိုင်ကြပါတယ်။ ကျနော်တို့ တခုပဲ လိုပါတော့တယ်လို့ ဘုန်းကြီးက ထပ်မိန့်ပါတယ်။ အဲ့ဒါက အားကောင်းတဲ့ မွန်လက်နက်ကိုင်တော်လှန်မှု ဖြစ်ပေါ်လာရေးဖြစ်တယ်တဲ့။ ကိုယ့်အိုးအိမ် ဖျက်စီးခံရတဲ့အချိန် ကိုယ်တိုင်ကပဲ ကာကွယ်ရမှာဖြစ်သလို ဘယ်သူကမှ လာမကာကွယ်နိုင်ဘူးတဲ့။ မွန်တို့ ရင်ထဲက ငိုရှိုက်သံတွေကို နားလည်ပါတယ်တဲ့။ ကိုယ့်ရဲ့ ရင်ထဲက ငိုရှိုက်သံတွေကို အပြင်ထုတ် ငိုပြလိုက်ရင် ဘယ်ကြည့်လို့ကောင်းမလဲတဲ့။ ဒီတော့ သာသနာထွန်းကားရေးအတွက် ထောက်ပံ့သလိုမျိုး ကိုယ့်တော်လှန်ရေးအတွက်လည်း မွန်တွေ ဝိုင်းဝန်းထောက်ပံ့ကြရအောင်လို့ ဆရာတော်က တိုက်တွန်းရင်း ဘုရားထီးတင်ပွဲ အခမ်းအနား အောင်မြင်စွာပဲ ပြီးမြောက်ခဲ့ပါတယ်။

    (စာရေးဆရာလဝီဝမ်သည် တိုင်းရင်းသားအရေးလေ့လာသုံးသပ်ရေးနေသည့် သတင်းထောက်တစ်ယောက် ဖြစ်သည်။)

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,800SubscribersSubscribe
    spot_img

    Latest posts