Saturday, March 21, 2026
More
    spot_img
    Homeသတင်းတရုတ်၊ စစ်ကောင်စီတို့နှင့် ဆွေးနွေးရန် အသင့်ရှိဟု TNLA ပြော

    တရုတ်၊ စစ်ကောင်စီတို့နှင့် ဆွေးနွေးရန် အသင့်ရှိဟု TNLA ပြော

    -

    တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် အသင့်ရှိနေကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ပြောသည်။

    လာမည့် ဖေဖော်ဝါရီလအတွင်း တရုတ်၊ စစ်ကောင်စီနှင့် TNLA တို့ တွေ့ဆုံဆွေးနွေးရန်ရှိသည်ဆိုပြီး သတင်းထွက်ပေါ်လာပြီးနောက် TNLA က ယခုလို ပြောဆိုလိုက်ခြင်းဖြစ်သည်။

    ပြည်သူလူထုကို ငဲ့ညှာသောအား​ဖြင့် သိမ်းပိုက်နယ်မြေများတွင် အပစ်အခတ်ရပ်စဲရန် ဆွေးနွေးမည်ဖြစ်ကြောင်း TNlA ပြောရေးဆိုခွင့်ရှိသူ မလွေးယေဦးက ပြောသည်။

    “ကျွန်မတို့က ပြည်သူကို မျက်နှာမူပြီးဆွေးနွေးမှာပါ။ တရုတ်ဘက်က ဖိတ်ခေါ်ရင် ကျွန်မတို့အနေနဲ့ သွားရောက်ဆွေးနွေးဖို့ အသင့်ရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်မတို့ဆီကို ဖိတ်ခေါ်လာတာမျိုးကို အထက်လူကြီးတွေကတော့ အကြောင်းမကြားလာသေးပါဘူး။ ဆွေးနွေးပွဲမရှိလာသေးတဲ့အတွက် ဘာတွေသဘောတူညီကြမယ်ဆိုတာတော့ ပြောလို့မရနိုင်သေးပါဘူး။ ကျွန်မတို့ဘက်ကတော့ ပြည်သူကို ထိခိုက်မဲ့ ကိစ္စမျိုးတော့ လုပ်မှာ မဟုတ်ပါဘူး” ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    တွေ့ဆုံမည့် နေ့ရက်၊ အချိန်နှင့် နေရာတို့ကို အတိအကျ မသိရသေးသော်လည်း တရုတ်ဘက်က ကမ်းလှမ်းလာပါက ဆွေးနွေးရန်အသင့်ရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

    TNLA နှင့် ဆွေးနွေးပွဲလုပ်မည့်သတင်း ထွက်ပေါ်လာချိန်မှ စတင်ကာ စစ်ကောင်စီက TNLA ထိန်းချုပ်နယ်မြေထဲကို ဆက်တိုက် ဗုံးကြဲနေသည်။

    ဇန်နဝါရီလအတွင်း၌ ကျောက်မဲမြို့ဆေးရုံအပါအဝင် ကျောက်မဲမြို့နှင့် နောင်ချိုမြို့တို့ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အရပ်သား ၁၂ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

    “ဒါက စစ်တပ်ရဲ့ လုပ်ရိုးလုပ်စဉ်ပါပဲခင်ဗျ။ စေ့စပ်ညှိနှိုင်းရေးတွေ မလုပ်ခင်မှာ သူတို့က ဒါတွေ လုပ်လို့ရတယ်ဆိုတာကို ပြချင်တာ။ ဖိအားပေးချင်တာပေါ့ဗျာ။ မင်းတို့နယ်မြေတွေ မငြိမ်အောင် လုပ်လို့ရတယ်။ ငါတို့ပြောတာကို သဘောတူဆိုတဲ့ သဘောပါဘဲ။ ဒါပေမဲ့ TNLA ကတော့ မိုးကုတ်ကိုပေးဆိုတာနဲ့ ထပြန်လာနိုင်တယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်က မှတ်ချက်ပြုသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလတွင် တရုတ်၏ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA တို့ကြား အပစ်ရပ်စဲရေး သဘောတူညီချက်ရခဲ့ကြောင်း ကြေညာထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks