spot_img
Sunday, March 1, 2026
More
    spot_img
    Homeဆောင်းပါးနောက်ဆုတ်လာသည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ

    နောက်ဆုတ်လာသည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ

    -

    ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဆိုပြီး အာဏာသိမ်းခဲ့သည့် စစ်ကောင်စီက ၂၀၂၃ ခုနှစ်အတွင်း ရွေးကောင်ပွဲကျင်းပပေးမည်ဟု ကြွေးကြော်ခဲ့သော်လည်း အာဏာသိမ်းပြီး ၄ နှစ်ကြာလာသည်ထိ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။

    အာဏာသိမ်း စစ်ခေါင်းဆောင်၏ ရွေးကောက်ပွဲကျင်းပပေးမည်ဆိုသည့် ပြောဆိုချက်သည် ပျောက်ခြင်းမလှပျောက်ခဲ့ရသလို စစ်ခေါင်းဆောင်က လက်တလော ပြောဆိုနေသည့် ၂၀၂၅ ရွေးကောက်ပွဲ အိပ်မက်သည်လည်း မသေချာ မရေရာသည့်အခြေအနေတွင် ရှိနေသည်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမှန်ကို ထုတ်ဖော်နိုင်သည့် လွတ်လပ်ပြီး တရားမျှတသော အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပပေးသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပနိုင်မည့် အခြေအနေမျိုးဖြစ်အောင် ဖိဖိစီးစီး ဆောင်ရွက်သွားကြရန်လည်း ယခု ဇန်နဝါရီလအတွင်းက ပြောဆိုခဲ့သည်။

    သို့သော်လည်း စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် ၂၀၂၅ ဒီဇင်ဘာလ ၃၁ တွင် ၁၈ နှစ် ပြည့်မည့်သူများကို မဲဆန္ဒရှင်စာရင်းကောက်ခံရန် ရှိနေကြောင်း ထုတ်ပြန်ပြောဆိုလာချက်အပေါ် ၂၀၂၅ ခုနှစ်အတွင်း ရွေးကောက်ပွဲ လုပ်နိုင်မည်လားဆိုသည်ကို မေးခွန်းထုတ်စရာဖြစ်လာခဲ့သည်။

    “ဒီအတိုင်းဆိုရင် သူတို့ဥပဒေနဲ့ သူတို့ ပိတ်မိနေတာဖြစ်နေပြီ။ ကျွန်မတို့ အခုရွေးကောက်ပွဲ ပြန်ဝင်မဲ့ ပါတီတချို့နဲ့ စကားပြောတဲ့အခါမှာ စစ်တပ်က ဒီနှစ် နိုဝင်ဘာမှာ လုပ်မယ်လို့ သူတို့ကို ပြောထားတယ်လို့ သိရတယ်။ နောက်ပြီး ကျွန်မတို့မြင်တာကတော့ သူတို့ နယ်မြေတည်ငြိမ်ရေးနဲ့ နိုင်ငံတကာဖိအားကို စစ်တပ်က ရင်ဆိုင်နေရတယ်” ဟု ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲ လေ့လာစောင့်ကြည်ခဲ့သူတစ်ဦးက သုံးသပ်သည်။

    တဘက်တွင်လည်း ပြည်တွင်းစစ် ပြင်းထန်နေချိန် စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်ကို ဦးစားပေးမလုပ်သင့်ဘဲ တွေ့ဆုံဆွေးနွေးမှုများကို ဦးစွာစတင်ပြီး တိုက်ပွဲများ၊ အကြမ်းဖက်မှုများကို ချက်ချင်းအဆုံးသတ်ရန် လိုအပ်ကြောင်း အာဆီယံက ယခုနှစ်ဆန်းပိုင်းတွင် တိုက်တွန်းပြောဆိုလာခဲ့သည်လည်း ရှိသည်။

    လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်လည်း စစ်တပ်အာဏာသိမ်းကာလ ၄ နှစ်ပြည့်မည်ဖြစ်သလို စစ်ခေါင်းဆောင်၏ ထပ်တိုး သက်တမ်း ၆ လ ကုန်ဆုံးတော့မည်ဖြစ်သည်။

    စစ်ကောင်စီအနေဖြင့် ရွေးကောက်ပွဲကျင်းပနိုင်မည့် အလားအလာလည်း မရှိသည့်အတွက် နောက်ထပ် ၆ လ သက်တမ်းတိုးနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ဆိုသည်။

    နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “အခုလက်ရှိမြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွကို စစ်ကောင်စီက ချုပ်ကိုင်နိုင်စွမ်း ကြာလေကင်းမဲ့လေ ဖြစ်လာပါတယ်။ ဒီလိုဖြစ်လာတာနဲ့အမျှ သူ့ရဲ့ အုပ်စိုးတဲ့ နယ်မြေတွေ လူဦးရေတွေ ပိုပိုပြီးလျော့လာတယ်။ ပိုပိုပြီး ကျဆင်းလာတယ်။ အဲ့တာကြောင့်လည်း တဖြည်းဖြည်းနဲ့ နောက်ဆုတ်လာတာ အခုဆိုရင် နောက်ဆုတ်ရင်းဆုတ်ရင်းနဲ့ လုံးဝမကျင်းပနိုင်တော့တဲ့ အခြေအနေတစ်ရပ်ဆီကို ဦးတည်လာတယ်” ဟု သုံးသပ်သည်။

    ရွေးကောက်ပွဲကျင်းပရေး လူဦးရေသန်းခေါင်စာရင်းကောက်ယူရာတွင် လူဦးရေ ၅၁ သန်းကျော်သာရှိပြီး ကျဆင်းသွားကြောင်း ဇန်နဝါရီ ၁၇ ရက်နေ့က ပြုလုပ်သည့် စစ်ကောင်စီအဖွဲ့ အစည်းအဝေးတွင် စစ်ခေါင်းဆောင်က ပြောဆိုခဲ့သည်။

    လူဦးရေကျဆင်းရခြင်းမှာ ပြည်ပထွက်ခွာသူများကြောင့်ဖြစ်ပြီး ရွေးကောက်ပွဲအပေါ်အတိုင်းအတာတစ်ခုအထိ သက်ရောက်နိုင်ကြောင်းလည်း စစ်ခေါင်းဆောင်က ထည့်သွင်းပြောဆိုခဲ့သည်။

    ရွေးကောက်ပွဲအချိန်အတိအကျ မပြောခြင်း၊ ရွှေ့ဆိုင်းခြင်းများအပေါ် သဘောမကျကြောင်း နိုင်ငံရေးပါတီများဘက်ကလည်း မှတ်ချက်ပြုကြသည်။

    ”ကျွန်တော်တို့ကတော့ ရွေးကောက်ပွဲကို အမြန်ဆုံးဖြစ်စေချင်တယ်။ ရွေးကောက်ပွဲကနေမှ ပြည်သူတွေ လိုချင်တာတွေကို ရွေးကောက်ခံလူတွေကလုပ်ပေးနိုင်မှာ။ဒါကြောင့်ကျွန်တော်တို့က အမြန်ဆုံးဖြစ်ချင်တာပါ။ ရွေးကော်နဲ့ကျွန်တော်တို့နောက်ဆုံးတွေ့ခဲ့တဲ့အစည်းအဝေးမှာတော့ ဒီနှစ်နိုဝင်ဘာမှာ ရွေးကောက်ပွဲလုပ်မယ်လို့ပြောတာရှိတယ်။ အခုပြောနေကြသလို အခုနှစ်မဖြစ်နိုင်တော့ဘူးဆိုတာတော့ သူတို့ဘက်က အတိအကျပြောမလာသေးဘူး”ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဒုတိယ ဥက္ကဋ္ဌ ဦးတင့်ဆွေက ဆိုသည်။

    မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိပြီး တိုက်ပွဲများနှင့် နယ်မြေမငြိမ်မသက်မှုများကြောင့် မြို့နယ်ပေါင်း ၁၆၁ ခုတွင်သာ ရွေးကောက်ပွဲကို ကျင်းပနိုင်မည်​ဖြစ်ကြောင်း နိုင်ငံရေးပါတီများနှင့် ရွေးကော်တို့ ဒီဇင်ဘာလ ၅ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံစဥ်ပြောဆိုခဲ့သည်။

    လက်ရှိတွင် စစ်ကောင်စီက ၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ဖျက်သိမ်းထားကာ နိုင်ငံရေးပါတီ ၅၀ ကျော်ကိုမှတ်ပုံတင်ခွင့်ပြုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks