spot_img
Sunday, March 1, 2026
More
    spot_img
    Homeသတင်းခေါဇာမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်(၇) ဦး သေဆုံးဟု ထုတ်ပြန်

    ခေါဇာမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်(၇) ဦး သေဆုံးဟု ထုတ်ပြန်

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့တွင် အခြေချတပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ခလရ-၃၁ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ (၇) ဦး သေဆုံးပြီး (၃) ဦး ထိခိုက်ဒဏ်ရာအသီးသီး ရရှိခဲ့ကြသည်ဟု ယနေ့ NMSP-AD က ထုတ်ပြန်လိုက်သည်။

    ယမန်နေ့ ဇန်နဝါရီလ ၂၃ ရက်နေ့ နံနက် ၈ နာရီကျော်အချိန်ခန့်တွင် ခေါဇာမြို့အခြေစိုက် ခလရ-၃၁ အပြင် မီးတိုင်တပ်ရွာနှင့် ခေါဇာမြို့ကြားရှိ ခလရ-၃၁ လက်အောက်ခံ စစ်ဆေးရေးဂိတ်ကို မွန်တော်လှန်ရေးအဖွဲ့အပြင် မဟာမိတ်ပူးပေါင်းတပ်တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မိနစ် (၃၀) ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

    “မွန်တော်လှန်ရေးအဖွဲ့တွေက ခေါဇာမြို့က ခလရ-၃၁ မှာရော၊ မီးတိုင်တပ်ရွာနဲ့ ခေါဇာမြို့ကြားက သူတို့စစ်ဆေးရေးဂိတ်ရောကိုတော့ သွားရောက်တိုက်ခိုက်ခဲ့တယ်။ အဲဒီစစ်ဆေးရေးဂိတ်က ခရီးသွားပြည်သူတွေကို ငွေညှစ်တောင်းခံနေတယ်လို့ ကြားတယ်။ အဲကြောင့် ကျနော်တို့က ခလရ-၃၁ တပ်အတွင်းမှာရော ဒီစစ်ဆေးရေးဂိတ်မှာရော၊ ဒီနှစ်နေရာကို သွားရောက်တိုက်ခိုက်ခဲ့တယ်။ အဲကြောင့် သူတို့ဘက်က ထိခိုက်သေဆုံးတာ ရှိတယ်။ ပစ်ခတ်မှု ဖြစ်ပွားပြီးတာနဲ့ သူတို့ဘက်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေခဲ့တယ်” ဟု NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောသည်။

    အဆိုပါ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာစစ်ဆင်နိုင်ခဲ့သည်ဟု နိုင်ကောင်းစကားက ပြောသည်။

    ခေါဇာမြို့တွင် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားသည့်နောက် ခလရ-၃၁ မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေကြောင်း၊ တပ်ရင်းအနီးရှိ ပြည်သူလူထုတို့က ခဏတစ်ဖြုတ် ထွက်ပြေးတိမ်ရှောင် ခဲ့ရကြောင်းလည်း ခေါဇာမြို့ခံတစ်ဦးက ပြောသည်။

    “မနေ့ကတော့ အဲတပ်ရင်းဘက်မှာ လက်နက်သံတွေ ကြားနေရတယ်။ ကိုယ်တွေက ဒီဘက်ခြမ်းမှာတော့ တိုက်ပွဲဖြစ်တာတောင် မသိလိုက်ဘူး။ အဲတပ်ရင်းဘေးက လူတွေတော့ ပြေးထွက်ကြတာပေါ့။ တစ်ချက်ပါပဲ၊ အခု ပြန်လာနေကြပါပြီ” ဟု ပြောသည်။

    ခေါဇာမြို့အခြေစိုက် ခလရ-၃၁ ကို မွန်တော်လှန်ရေးတပ်များဖြစ်သည့် မွန်ပြည်သစ်ပါတီ NMSP-AD၊ မွန်ပြည်တော်လှန်ရေးတပ် MSRF နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks