မွန်အင်အားကြီး လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင် တိုက်ဖျက်ရေး) NMSP-AD၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) နှင့် မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့၏ စစ်ရေး၊ နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုသည် ရုပ်လုံးပေါ်လာပြီးဖြစ်သည်။

မွန်တော်လှန်ရေးတပ်ဖွဲ့များဖြစ်သည့် MSRF၊ MSDF၊ MNLA-AD နှင့် MLA တို့က ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မွန်တပ်တော်တစ်ခု ပေါ်ထွန်းရေးကို အကောင်အထည်ဖော်ရန် သဘောတူခဲ့ကြသည်။
ထိုသို့ သဘောတူခဲ့ပြီးနောက် တစ်လခန့်အကြာ ယခု ဇန်နဝါရီလ ၁၇ ရက်နေ့တွင် မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့တို့က လွတ်မြောက်နယ်မြေတစ်နေရာတွင် ထပ်မံတွေ့ဆုံခဲ့ပြီး “ရာမညပူးတွဲစစ်ကြောင်း” တစ်ခုကို ဖွဲ့စည်းလိုက်သည်။
မွန်တော်လှန်ရေးတပ်များ ပူးပေါင်းပါဝင်သည့် မွန်တပ်တော်တစ်ခု အမြန်ဆုံး ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး “ရာမညပူးတွဲစစ်ကြောင်း” ကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်ဟု ရာမညပူးတွဲစစ်ကြောင်း ပြန်ကြားရေး ဒု-တာဝန်ခံ နိုင်မာဃက ပြောသည်။
မွန်တပ်ဖွဲ့ ၄ ဖွဲ့၏ ဒီဇင်ဘာလ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးနောက်ပိုင်း မြေပြင်တွင် မွန်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားများ၊ တိုက်ပွဲဖော်ဆောင်မှုများကို ဆက်တိုက်ပြုလုပ်လာခဲ့သည်။
လတ်တလောတွင်လည်း မွန်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး မွန်ပြည်နယ်တောင်ပိုင်း၊ ရေးမြို့နယ်ဘက်တွင် အပြင်းထန်ဆုံး စစ်ဆင်ရေးကို ဖော်ဆောင်လျက်ရှိသည်။
မွန်ပြည်လွတ်ရေးတပ်တော် (MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက “ကျုံလောင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲမှာ မွန်တော်လှန်ရေးအဖွဲ့ (၄) ဖွဲ့ရဲ့ ပထမဆုံး ပူးတွဲစစ်ရေးလှုပ်ရှားမှုပဲ ဖြစ်တယ်။ ဆက်ပြီးတော့ အတူတကွ တိုက်ပွဲဝင်သွားဖို့ ရှိတယ်။ ပူးတွဲစစ်ရေးလှုပ်ရှားမှုကတော့ စနေပြီ” ဟု ပြောသည်။
မွန်တော်လှန်ရေးတပ်ဖွဲ့တို့က စစ်ရေးလိုအပ်ချက်အရနှင့် မွန်ပြည်သူလူထုတို့၏ လိုလားတောင်းဆိုမှုကြောင့် တပ်ဖွဲ့များအားလုံး ပူးပေါင်းပြီး မွန်တပ် တစ်တပ်တည်းဖြစ်အောင်ကို ကြိုးပမ်းလာခဲ့ကြခြင်းဖြစ်သည်။
မွန်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး စစ်ကြောင်းတစ်ခုတည်းအနေဖြင့် စစ်ရေးလှုပ်ရှားမည့်အပေါ် ပြည်တွင်း ပြည်ပရှိ မွန်လူထုတို့ကလည်း ကြိုဆို ထောက်ခံကြသည်။
“မွန်ပြည်သူလူထုတွေ လိုလားနေတဲ့ မွန်တပ်တော်တစ်ခု မဖြစ်လာနိုင်သေးပေမဲ့ အခုလိုမျိုး တစ်စုတစ်စည်းတည်း တိုက်ပွဲဝင်လာနိုင်တဲ့အပေါ် ဝမ်းသာတယ်။ ဒီလို ဖြစ်လာဖို့ကိုလည်း မွန်ပြည်သူတွေက စောင့်မျှော်နေတာ ကြာပါပြီ။ ဒီလိုမျိုး ပြုလုပ်နိုင်မှ မွန်ဒေသမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ထုတ်နိုင်မှာ ဖြစ်တယ်” ဟု မွန်ပြည်သူတစ်ဦးက ပြောသည်။
မွန်တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး တပ်ပေါင်းစုတစ်ခုတည်းအနေဖြင့် တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ကြေညာလာပြီးနောက် မွန်ဒေသတွင်း တိုက်ပွဲအရှိန်မြင့်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိလာသည်။
မွန်နိုင်ငံရေးလေ့လာအကဲခတ်သူတို့ကလည်း ပေါင်းစည်းမှု အားကောင်းလာသည့် မွန်တော်လှန်ရေးအင်အားစုကနေ ၂၀၂၅ ခုနှစ်အတွင်း တိုက်ပွဲများ ပိုမိုဖော်ဆောင်လာနိုင်ကြောင်း သို့သော် မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲထိ ဖော်ဆောင်လာနိုင်သေးသည့်အခြေအနေ မတွေ့ရသေးဘူးဟု ဆိုသည်။
“ဒီ ၂၀၂၅ ခုနှစ်မှာလည်း မွန်ဒေသတွေမှာ ကြီးမားတဲ့တိုက်ပွဲတွေ ဖော်ဆောင်နိုင်မဲ့ အရိပ်အယောင် မတွေ့သေးဘူး။ ဒါပေမဲ့ အရင်တွေထက်တော့ တိုက်ပွဲတွေ ကျယ်ပြန့်လာနိုင်တယ်။ မွန်အဖွဲ့တွေလည်း ပူးပေါင်းလာတယ်။ မွန်ပြည်သစ်ပါတီ AD ကလည်း လူအင်အားတွေ၊ စစ်လက်နက်ပစ္စည်းတွေ အားကောင်းလာတယ်။ ဒါကြောင့် စစ်ရေးလှုပ်ရှားမှုတွေလည်း များလာတယ်။ MSRF ကလည်း စစ်ရေးလှုပ်ရှားမှု များလာတယ်။ ဒါပေမဲ့ ဒီနှစ်မှာလည်း မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲအဆင့်တော့ ကျယ်ပြန့်လာမယ်မထင်သေးဘူး” ဟု အထက်ပါ မွန်နိုင်ငံရေးလေ့လာအကဲခတ်သူက ပြောသည်။
လက်ရှိ မွန်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ဖော်ဆောင်နေသည့် ရေးမြို့နယ်အတွင်း တိုက်ပွဲကနေတဆင့် ရေရှည်တိုက်ပွဲ ဖြစ်လာနိုင်ပြီး အခြားသော မွန်ဒေသသို့ပါ တိုက်ပွဲများ ကူးစက်လာနိုင်သည့်အလားအလာရှိနေသည်။
မွန်တော်လှန်ရေးတပ်များအားလုံး ပါဝင်သည့် တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွက်လာရေးသည် ယခု မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့က ပူးပေါင်းဖွဲ့စည်းလိုက်သည့် “ရာမညစစ်ကြောင်း” ကနေ အဖြေ ထွက်လာပြီးဖြစ်သည်။