spot_img
Wednesday, February 25, 2026
More
    spot_img
    Homeသတင်းစပါးအရည်အသွေးမရှိခြင်းကြောင့် မွန်ဒေသထွက် စပါး ဈေးကျ

    စပါးအရည်အသွေးမရှိခြင်းကြောင့် မွန်ဒေသထွက် စပါး ဈေးကျ

    -

    မွန်ပြည်နယ်ထွက် မိုးစပါးများ စပါးအရည်အသွေးမရှိခြင်းကြောင့် စပါးတင်း ၁၀၀ လျှင် ကျပ်သိန်း ၂၀ ဝန်းကျင်ခန့်သာ ပေါက်ဈေး ရရှိနေကြောင်း လယ်သမားနှင့် စပါးကုန်သည်တို့ထံမှ သိရသည်။

    မိုးစပါးစိုက်ပျိုးချိန်တွင် ရေကြီးနစ်မြုပ်ခြင်း၊ စပါးခင်း ပိုးမွှားကျရောက်မှုနှင့် ရေငန်ဝင်ခြင်းကြောင့် စပါးခင်း အများအပြားထိခိုက်ပျက်စီးကာ ရိတ်သိမ်းချိန်နောက်ကျသည့်အတွက် စပါးအရည်အသွေး ကျဆင်းသွားသည်ဟု လယ်သမားတို့ထံမှ သိရသည်။

    စပါးအရည်အသွေး မရှိခြင်းကြောင့် စပါးစျေး ကျဆင်းကြောင်း၊ စပါးအရည်အသွေးပေါ်မူတည်ပြီး စပါးကို စျေးအမျိုးမျိုးဖြင့် ရောင်းဝယ်နေကြသည်ဟု မော်လမြိုင်မြို့က ဆန်ကုန်သည်တစ်ဦးက ပြောသည်။

    “စပါးဈေးက ၂၀ ကနေ ၂၈ အထိပဲရှိတော့တယ်။ အဲ့တာ ပေါ်ဆန်အဆင့်နော်၊ စပါး တင်း ၁၀၀ ကြိတ်ရင် ဆန် ၁၀ အိတ်လောက်ပဲရတယ်။ ဆန်ကွဲက အိတ် ၂၀ ဖြစ်သွားတယ်။ နှစ်ဆလောက်ဖြစ်နေတယ်။ ရိတ်သိမ်းတာ နောက်ကျလို့ ကြေသွားတာ စပါးအခြေအနေကြည့်ပြီးတော့မှ စျေးဖြတ်တာ သိန်း ၂၀၊ စပါးအချောဆို ၂၅ သိန်း အဲ့လောက်ပါပဲ” ဟု ၎င်းဆန်ကုန်သည်က ပြောသည်။

    လက်ရှိတွင် ဆန်ချောအုပ်စုဝင် စပါး တင်း ၁၀၀ လျှင် ၂၅ သိန်းအထက်နှင့် ဆန်ကြမ်းအုပ်စုဝင် စပါးတင်း ၁၀၀ လျှင် ကျပ်သိန်း ၂၀ ဝန်းကျင်သာ ပေါက်‌စျေးရှိနေပြီး စပါးပေါ်ချိန်က စပါးစျေးနှင့် ယှဉ်လျှၚ် စပါးတင်း ၁၀၀ လျှင် ကျပ် ၅ သိန်းထိ ဈေးကွာဟမှု ရှိနေသည်။

    ၎င်းပြင် စပါးအရည်အသွေးမရှိသည့်အတွက် ကုန်သည်တို့က အဝယ်ရပ်နားထားပြီး အသေးစားကုန်သည်အချို့တို့ကသာ အရောင်းအဝယ် ပြုလုပ်နေသည့်အတွက် တောင်သူများ နစ်နာမှုရှိနေကြောင်း ချောင်းဆုံမြို့နယ် လယ်ယာလုပ်ငန်းလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

    “စပါးရတော့လည်း ဈေးကောင်းမရ ဘယ်သူမှလည်းမဝယ်ချင်တော့ဘူး။ ပို့လို့ အဆင်မပြေလို့ပြောတယ်။ ဒီအတိုင်းဆို နောက်နှစ် ပြန်စိုက်ဖို့ အရင်းတောင်ထုတ်မနိုင်တော့ဘူး။ စပါးအကြမ်းဆို ၁၈ မဟုတ်ရင် ၂၀ ပဲဈေးခေါ်တယ်။ စပါးအချောဆို ၂၅ ဆန်မွှေးအတန်းစားစပါး အကောင်းစားမှ ၂၈ ပဲသူတို့ယူတယ်။ ဆန်ဈေးနှုန်းတက်ပေမဲ့ စပါးဈေးပဲကျနေတယ်” ဟု ၎င်းက ပြောသည်။

    ပြီးခဲ့သည့် စပါးပေါ်ချိန် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် စပါးအရည်အသွေးကျဆင်းပြီး ဆန်စပါးကုန်သည်တို့က စပါးကို တင်းအစာ အလေးချိန်ဖြင့်သာ ဝယ်ယူခဲ့သေးကြောင်း သိရသည်။

    စပါးအရည်အသွေးကျဆင်းပြီး အထွက်နှုန်းလည်းလျော့ကျခဲ့သည့်အပြင် လက်ရှိ နွေစပါးစိုက်နေသည့် ဘီးလင်းမြို့နယ်တို့တွင် ဆည်ရေလုံလောက်စွာမရရှိခြင်းကြောင့် စပါးစိုက်ဧက ပျက်စီးမှုအများအပြားရှိနေကြောင်း သိရသည်။

    ယခုနှစ် မွန်ပြည်နယ်၏ ဆန်စပါးဖူလုံမှု ရာခိုင်နှုန်းကျဆင်းနိုင်ပြီး လက်ရှိ မွန်ပြည်နယ် စစ်ကောင်စီက အကောင်ထည်ဖော်နေသည့် ဆန်စပါးဖူလုံမှု (၁၄၀. ၀၈%) အထိ ရရှိရေးအစီစဉ်လည်း မြေပြင်အနေအထားအရ မဖြစ်နိုင်ကြောင်း ဆန်စပါးလုပ်ငန်းရှင်တို့က သုံးသပ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks