spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းဆားလုပ်ငန်း လုပ်ကိုင်သူ နည်းလာခြင်းကြောင့် မွန်ပြည်နယ် ဆားအထွက်နှုန်း လျော့ကျနိုင်

    ဆားလုပ်ငန်း လုပ်ကိုင်သူ နည်းလာခြင်းကြောင့် မွန်ပြည်နယ် ဆားအထွက်နှုန်း လျော့ကျနိုင်

    -

    မွန်ပြည်နယ်တွင် ဆားလုပ်သားရှားပါးလာခြင်းနှင့် ဆားစျေးကျလာပြီး ထုတ်လုပ်မှုစရိတ်မကာမိခြင်းကြောင့် ယခုနှစ် ဆားထုတ်လုပ်ရာသီတွင် ဆားလုပ်ငန်းလုပ်အချို့ လုံးဝရပ်နားသွားသည်ရှိသလို အချို့ကလည်း တစ်နိုင်တစ်ပိုင်လောက်သာ လုပ်ကိုင်လာကြသည်ဟု ဆားလုပ်ငန်း လုပ်ကိုင်နေသူတို့က ပြောသည်။

    နှစ်စဉ် ပုံမှန် ဆားဖို ၁၁ ဖိုအထိ လုပ်ကိုင်နေသည့် ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် အလုပ်သမားရှားပါးမှုကြောင့် ယခုနှစ်တွက် ဆားဖို ၂ ဖိုသာ ဆားထုတ်လုပ်ငန်း လုပ်ကိုင်နေကြောင်း အလားတူ ပလိုင်ကီးကျေးရွာတွင်လည်း ဆားဖို ၂ ဖိုသာ လုပ်ငန်း လုပ်ကိုင်နေကြောင်း သိရသည်။

    ဆားလုပ်ငန်းခွင်တွင် ကျွမ်းကျင်လုပ်သားမရှိဘဲ သာမန်အလုပ်သမားများဖြင့်သာ လုပ်ငန်းလည်ပတ်နေရသည့်အတွက် ဆားအထွက်နှုန်းလည်း လျော့ကျလာနိုင်သည့်အခြေအနေရှိသည်ဟု နှစ်ကရင်မှ ဆားလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။

    “အရင်ကဆို ကျနော့်ဆားဖိုမှာ လုပ်သား ၁၂ ယောက်ထိရှိတယ်။ ဒီနှစ်က ၅ ယောက်ပဲဆိုတော့ ဆားထွက်နှုန်းလည်းလျော့မှာပဲလေ။ ပုံမှန် ကျနော့် ဆားဖိုကနေ ပိဿာ ၇ သိန်းအထိထွက်ပေမဲ့ ဒီနှစ်ကတော့ ပိဿာ ၃ သိန်းတောင် အနိုင်နိုင်ပါပဲ။ လုပ်သားတွေ ရှာလို့မလွယ်ဘူး။ ပြောရမယ်ဆိုရင် ဒီနှစ်မှာ လုပ်သား ၈၀ ရာခိုင်နှုန်းလောက် နည်းလာတယ်လို့ ပြောလို့ရတယ်” ဟု ၎င်းက ပြောသည်။

    အလုပ်သမားများကို ကြိုတင်စရန်ငွေ ထုတ်ပေးထားခဲ့သော်လည်း လုပ်ငန်းရာသီချိန်တွင် ရောက်မလာကြသည့်အတွက် စရန်ငွေပါ ဆုံးရှုံးရကြောင်းလည်း ၎င်းက ဆက်ပြောသည်။

    မွန်ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းခွင်တို့တွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် အထက်အညာဒေသတို့မှ အလုပ်သမားများ လာရောက်လုပ်ကိုင်ကြပြီး လုံခြုံရေးအခြေအနေနှင့် စားဝတ်နေရေးအတွက် ပြည်ပထွက်ခွာကာ အလုပ်လုပ်ကိုင်လာခြင်းကြောင့် ဆားလုပ်ငန်းခွင်တွင် လုပ်သားရှားပါးလာခြင်းဖြစ်သည်ဟု ဆားလုပ်ငန်းလုပ်ကိုင်သူတို့က ပြောသည်။

    ယမန်နှစ်က သာမန်ဆားလုပ်သားတစ်ဦးလျှင် တစ်လ ၁၈၀၀၀၀ ကျပ်၊ ကျွမ်းကျင်လုပ်သားတစ်ဦးလျှင် ၂၃၀၀၀၀ ကျပ်ဝန်းကျင်ဖြင့် လုပ်အားခ သတ်မှတ်ခဲ့သော်လည်း ယခုနှစ်တွင် အလုပ်သမားရှားပါးခြင်းနှင့်အတူ ကုန်ဈေးနှုန်းကြောင့် သာမန်ဆားလုပ်သားတစ်ဦးလျှင် တစ်လ ၃၆၀၀၀၀ ကျပ်၊ ကျွမ်းကျင်လုပ်သားတစ်ဦးလျှင် ၄၅၀၀၀၀ ကျပ်အထိ လုပ်အားခ တိုးမြှင့် ကမ်းလှမ်းခဲ့သော်လည်း လုပ်ကိုင်သူမရှိသည့်အခြေအနေဖြစ်နေသည်ဟုလည်း ဆားလုပ်ငန်းရှင်တို့ထံမှ သိရသည်။

    လက်ရှိတွင် မွန်ပြည်နယ်ဈေးကွက်အတွင်း နေလှန်းဆားတစ်ပိဿာ ၁၃၀ ကျပ်သာ ပေါက်ဈေးရှိနေပြီး ဆားစျေးသည် ထုတ်လုပ်မှုကုန်ကျစရိတ်ကို မကာမိခြင်းကြောင့် ဆားလုပ်ငန်းအချို့ လုပ်ငန်းရပ်နာလာကြောင်းလည်း ပလိုင်ကီးမှ ဆားလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။

    “အဓိကကတော့ ဆားဈေးမတက်တာပေါ့။ ပစ္စည်းတွေက အကုန်လုံးဈေးတက်နေတယ်။ ကျွန်တော်တို့ဆားတစ်ခုပဲ ဈေးမတက်တာ။ အဲဒီတော့ ကိုယ်လုပ်ထားတဲ့ဟာကို အရင်းတောင်ပြန်မရဘူး” ဟု ပလိုင်ကီးမှ ဆားလုပ်ငန်းရှင်က ပြောသည်။

    မွန်ပြည်နယ်တွင် နှစ်စဉ် ဆားကွင်းဧကပေါင်း ၄၅၀၀ ကျော် ဆားထုတ်လုပ်ငန်းလုပ်ကိုင်နေပြီး နှစ်စဉ်ဆားတန်ချိန် ခြောက်သောင်းခန့်ထွက်ရှိကာ အိုင်အိုဒင်းဆားချောစက်ရုံ ၁၅ ရုံမှ ဆားတန်ချိန် လေးသောင်းကျော် ထွက်ရှိနေသော်လည်း ယခုနှစ်တွင် ဆားအထွက်နှုန်းတန်ချိန် သိသိသာသာလျော့ကျနိုင်သည်ဟု ဆားလုပ်ငန်းရှင်တို့က သုံးသပ်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks