spot_img
Friday, March 14, 2025
More
    spot_img
    Homeသတင်းAA ၏ ထိုးစစ် ဘာကြောင့် ပြည်မဖက် ဦးတည်သွားသလဲ

    AA ၏ ထိုးစစ် ဘာကြောင့် ပြည်မဖက် ဦးတည်သွားသလဲ

    -

    ရခိုင်ပြည်နယ်အတွင်းရှိ မြို့အများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားသော အာရက္ခတပ်တော် (AA) ၏ ထိုးစစ်သည် မည်သည့်အတွက်ကြောင့် ပြည်နယ်ဒေသများအထိ ဦးတည်သွားမလဲဆိုသည့်အ‌ပေါ် နိုင်ငံရေးနှင့် စစ်ရေးအကဲခတ်တို့က သုံးသပ်လျက်ရှိနေသည်။

    လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၁၇ မြို့နယ်အနက် ၁၄ မြို့နယ်ကို AA က သိမ်းပိုက်ထားပြီး တရုတ်အကျိုးစီးပွားရှိရာ ကျောက်ဖြူနှင့် ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေ၊ မာန်အောင်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးပေ။

    သို့သော်လည်း AA နှင့် စစ်ကောင်စီတို့၏ တိုက်ပွဲသည် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရခိုင်-မကွေး နယ်စပ်ဒေသအထိ ဖြစ်ပွားလာခဲ့သည်။

    ရခိုင်ပြည်နယ်တစ်ခုလုံး AA က ထိန်းချုပ်မည်ဆိုပါက စစ်ကောင်စီ ဝင်လာနိုင်မည့် နေရာများကို ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက် ဦးဆောင်ကော်မတီအဖွဲ့ဝင် ဦးမောင်မောင်ကြည်က ပြောသည်။

    ၎င်းက “အဓိက ကျနော်တို့ ရခိုင်ပြည်ကို အာရက္ခတပ်တော်က ထိန်းချုပ်မယ် ဆိုလို့ရှိရင် ရခိုင်ပြည်နဲ့ နီးစပ်တဲ့နေရာတွေ ဒီအကြမ်းဖက် စစ်ကောင်စီ ဝင်လာနိုင်မယ့် နေရာတွေကို အဲဒီနေရာတွေကနေ ကျနော်တို့ ကြိုတင်ကာကွယ်မှုတွေ လုပ်ဖို့အတွက် ဆိုလို့ရှိရင် ကိုယ့်အနီးနားမှာ ဒီအကြမ်းဖက် စစ်ကောင်စီရဲ့ အုပ်စုတွေ မရှိနိုင်ဖို့ အရေးကြီးပါတယ်။ ဆိုတော့ အဲဒီဟာတွေကိုပါ ကျနော်တို့ စနစ်တကျ ကိုင်တွယ်ဖြေရှင်းရလိမ့်မယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်။ အဲဒီအတွက်က ကျနော်တို့ အာရက္ခတပ်တော်ရဲ့ ဗိုလ်ချုပ်က ဒါတွေကို ကြိုတင်စဉ်းစားထားပြီးသားလို့ ကျနော်အနေနဲ့ ယူဆပါတယ်” ဟု ပြောသည်။

    ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံမြို့နယ်ခွဲ မကျည်းဇင်တိုက်နယ်ကို စစ်ကောင်စီက ဇန်နဝါရီလ ၈ ရက်၊ ၉ ရက် ညနေ ၅ နာရီ နောက်ပိုင်းတွင် လေယာဉ်ဖြင့် ၃ ကြိမ်ထက်မနည်း လာရောက် ဗုံးကြဲခဲ့သည်ဟု သိရသည်။

    အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်မှု ဖြစ်ကြောင်းလည်း သိရသည်။

    စစ်တွေမြို့ကို အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက်မည်ဆိုပါက မြို့ပျက်ကာ ပြန်လည်ထူထောင်ရေး အလွယ်တကူ ဖြစ်မှာ မဟုတ်ကြောင်း သို့သော်လည်း တိုက်ပွဲက ဖြစ်လာမှာ ဖြစ်သည်ဟု စစ်တွေ ဒေသခံတစ်ဦးက ပြောသည်။

    “စစ်တွေကလည်း အာရက္ခနိုင်ငံတော်လို့ မခေါ်ခင် ရခိုင်ပြည်နယ်ရဲ့ မြို့တော်လို့ သတ်မှတ်ထားတဲ့ နေရာ အသိအမှတ်ပြုထားတဲ့ စစ်တွေမြို့ကြီးဖြစ်နေတော့ စစ်တွေမြို့ကြီးပေါ်မှာ တိုက်ပွဲတွေ ဖြစ်လို့ရှိရင် ပျက်စီးဆုံးရှုံးမှုတွေ များသွားရင် အဲဒီဟာကို ပြန်လည်ထူထောင်ဖို့ အလွယ်တကူ ဖြစ်လာမှာ မဟုတ်ဘူးလေ။ လောလောဆယ် မဖြစ်ဘူးလား။ မဟုတ်ဘူး။ ဖြစ်လာမှာပဲ။ ဒါပေမဲ့ ဒီဖက်မှာ မဖြစ်ဘူး၊ ဟိုဖက်မှာ ရောက်သွားတာ ဆိုတာလည်း တစ်ကြောင်း တွေးလို့ရတာက ဂွကနေပြီး‌တော့ တစ်ဆက်တည်း ဖြစ်သွားလို့ ဗမာပြည်ဖက်ကို ရောက်သွားတာ။ ဒီဖက်ကို ပြန်မလှည့်တာဘဲနဲ့ တောက်လျှောက်တောက်လျှောက် ရှေ့တိုးသွားတဲ့ ပုံစံမျိုး တစ်ဖက်က ကြည့်လို့ရတယ်။ နောက်တစ်ဖက်က အန်တီစောစောက ပြောသလိုပေါ့” ဟု ပြောသည်။

    စစ်တွေမြို့တွင် ကိုးရီးယားဆိပ်ကမ်းနှင့် အိန္ဒိယဆိပ်ကမ်းရှိနေပြီး အဆိုပါ ဆိပ်ကမ်းမြို့တော် မပျက်စီးရေးအတွက် ကြိုတင်စီစဉ်ခြင်း ဖြစ်နိုင်သလို ကျောက်ဖြူသည်လည်း တရုတ်ရင်းနှီးမြှပ်နှံမှုများ ရှိနေသည့်အတွက် မတိုက်ခိုက်သေးခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

    ရခိုင်ပြည်နယ်အတွင်း ကျန်ရှိနေသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့ကို AA က အချိန်မရွေး တိုက်ခိုက်သိမ်းပိုက်၍ ရကြောင်း၊ စစ်ရေးပရိယာယ်အရ ပြည်မအထိ တိုက်ပွဲများ ဖော်ဆောင်ခြင်း ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောသည်။

    “အဲဒီ ၃ မြို့နယ်က သူက(AA) အချိန်မရွေး သိမ်းလို့ရတယ်၊ သူက ဘာလုပ်လဲဆိုတော့ အာရုံပြောင်းအောင် စစ်ကို ဟိုဖက်ကို ဆွဲခေါ်သွားတာ၊ သူ့နယ်မြေက ၃ မြို့နယ်ကို အပျက်မခံတော့ဘဲနဲ့ ဒီဖက်ကို ဆွဲခေါ်သွားတာ၊ ရခိုင်ပိုက်နက် လုပ်ပြီဆိုရင် ဟို ၃ မြို့နယ်ကို ဂေါက်ဆိုပြီး လုပ်လိုက်ရုံပဲ။ ကစားတာပေါ့၊ စစ်ပရိယာယ် ကစားတာပေါ့၊ စစ်မျက်နှာတွေ အများကြီး ဖွင့်ထားတာလေ၊ အများကြီးဖွင့်တော့ ဒီအထဲက ရှိတဲ့ တပ်က(စစ်ကောင်စီ) ကြာတော့ စိတ်က ညစ်လာပြီလေ၊ စိတ်ညစ်တဲ့ အကြောင်းတရားမှာ သူတို့အတွင်းကလည်း စီမံခန့်ခွဲမှု အားနည်းတာကိုး၊ ပြီးတော့ စီမံခန့်ခွဲမှုကလည်း အားနည်းတယ်၊ အရည်အချင်းကလည်း မရှိကြ၊ အရည်အချင်း မရှိဘဲ ခေါင်းဆောင်တွေ တက်လုပ်တော့ အခုချိန်ကြတော့ အရည်အချင်း ရှိတဲ့ကောင်းတွေက လုပ်ပါစေကွာ၊ သူ့ဟာသူ သွားပါစေတော့ ပေကပ်ကပ် လုပ်ကုန်ပြီလေ” ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် အာရက္ခတပ်တော် (AA) တိုက်ခိုက်သိမ်းပိုက်ထားသည့် မြို့နယ်များကို စစ်ကောင်စီက မကြာခဏဆိုသလို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်လျက်ရှိနေသည်။

    အခြားတစ်ဖက်တွင်လည်း လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းများဖြင့် ဖြေရှင်းရန် အမြဲတမ်း အသင့်ရှိသည်ဟု AA မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    33,400SubscribersSubscribe
    spot_img

    Latest posts