spot_img
Tuesday, February 24, 2026
More
    spot_img
    Homeသတင်းမွန်အမျိုးသားကောလိပ်နှင့် Chiang Mai Rajabhat University ပူးပေါင်းရေး MOU လက်မှတ်ထိုး

    မွန်အမျိုးသားကောလိပ်နှင့် Chiang Mai Rajabhat University ပူးပေါင်းရေး MOU လက်မှတ်ထိုး

    -

    မွန်အမျိုးသားပညာရေးကော်မတီ (MNEC) လက်အောက်ရှိ မွန်အမျိုးသားကောလိပ် (MNC) နှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Chiang Mai Rajabhat University (CMRU) တို့ကြား အဆင့်မြင့်ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

    MOU လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ချင်းမိုင်မြို့ရှိ Rajabhat တက္ကသိုလ်တွင် ဇန်နဝါရီ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

    MOU လက်မှတ်ရေးထိုးခြင်းပွဲသို့ မွန်အမျိုးသားကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာ ‌ပညာမွန်နှင့်အတူ မွန်အမျိုးသားပညာရေးကော်မတီ(MNEC) ဥက္ကဌ နိုင်အေးမွန်၊ လူမှုရေးသိပ္ပံဘာသာပြ ဌာနာမှုး နိုင်မြင့်သန်း၊ မွန်အမျိုးသားပညာရေးကော်မတီနှင့် မွန်အမျိုးသားကောလိပ်မှ တာဝန်ရှိသူများနှင့် Rajabhat တက္ကသိုလ်ဘက် ဥက္ကဌ ပါမောက္ခ Assoc. Prof. Dr. Chatri Maneekosol၊ အတွင်းရေးမှူးအဖွဲ့ ဒုတိယ ဥက္ကဌ Asst. Prof. Dr. Dusadee Rangsichatchawan၊ နိုင်ငံတကာရေးရာ ဌာနမှူး Prof. Dr. Worasuda Wattanawong နှင့် နိုင်ငံတကာရေးရာ ဒုဌာနမှူး Kamolwan Sangseekaew တို့ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

    (MNC) ကျောင်းအုပ်ကြီး ဒေါက်တာ ပညာမွန်က “ကျွန်တော်တို့ကျောင်းက ဘယ်အစိုးရမှ အသိမပြုထားတော့ နိုင်ငံတကာတက္ကသိုလ်တွေဆီကနေ အသိအမှတ်ပြုတာကို ယူရတယ်။ တက္ကသိုလ်တွေက ကျွန်တော်တို့ မွန်အမျိုးသားကောလိပ်နဲ့ MOU ထိုးများလာလေ ကျွန်တော်တို့ကျောင်းကို အသိအမှတ်ပြုလာလေပဲ။ ဆိုတော့ ကျောင်းသားတွေကလည်း ကျောင်းတက်နိုင်မယ်။ ကျွန်တော်တို့ Degree ကိုလည်း အသိအမှတ်ပြုလာမယ်။ ဒီ Rajabhat တက္ကသိုလ်နဲ့လည်း ကျွန်တော်တို့ကျောင်း Scholarship ရဖို့ရှိတယ်” ဟု ပြောသည်။

    Rajabhat တက္ကသိုလ်နှင့် လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာအရ ကျောင်းနှစ်ကျောင်းကြား အဆင့်မြင့်ပညာရေးပူးပေါင်းခြင်းကို ၅ နှစ်ကြာ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

    ၎င်းပြင် ကျောင်းသားများအကြား ပညာရေးဆိုင်ရာ ဆွေးနွေးဖလှယ်မှုများ ပြုလုပ်နိုင်ရေး၊ တက္ကသိုလ်နှစ်ခု၏ ဘွဲ့အရည်အချင်းများကို အသိအမှတ်ပြုရေး၊ ဆရာ/ဆရာမများကြား ပညာရေးဆိုင်ရာ ဖလှယ်မှုများ ပြုလုပ်နိုင်ရေး၊ သုတေသနများနှင့် ပုံနှိပ်ထုတ်ဝေမှုများ ပူးပေါင်းဆောင်ရွက်ရေး၊ ဆွေးနွေးပွဲများ/သင်တန်းများ/လုပ်ငန်းခွင်ဆွေးနွေးမှုများ ပြုလုပ်ရေး၊ Dual Degree စနစ် အကောင်အထည်ဖော်နိုင်ရေး၊ အွန်လိုင်းစာကြည့်တိုက်များကို အသုံးပြုခွင့် ပေးရေးအပြင် ကာလတို သင်တန်းများ တက်ရောက်စေရေးစသည့် အချက်များလည်း ပါဝင်သည်ဟု သိရသည်။

    မွန်အမျိုးသားကောလိပ်(MNC) အနေဖြင့် လာမည့် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်လည်း အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ရှိ Royal College of London နှင့်လည်း နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးရန် ရှိကြောင်း ဒေါက်တာ ပညာမွန်က ပြောသည်။

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မဟာချုလာလောင်ကွန်းတက္ကသိုလ်၊ ချင်းရိုင်မြို့ရှိ Chiang Rai Rajabhat University(CRRU) တက္ကသိုလ်၊ အမေရိကန်နိုင်ငံရှိ အာရီဇိုးနားတက္ကသိုလ်(University of Arizona) တို့နှင့်လည်း နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးနိုင်ရေး တွေ့ဆုံဆွေးနွေးထားကြောင်း သိရသည်။

    မွန်အမျိုးသားကောလိပ် (MNC) သည် နိုင်ငံတကာအဆင့်မြင့် တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့် လုပ်ဆောင်နိုင်လာသည်နှင့် ကျောင်းသားများအတွက် ပညာရေးဆိုင်ရာ အခွင့်အလမ်းလည်း များလာကြောင်း MNC ကောလိပ်မှ လူမှုရေးသိပ္ပံဌာနမှ ဌာနာမှုး နိုင်မြင့်သန်းက ပြောသည်။

    “အခုဆိုရင် အခြားနိုင်ငံတစ်ခုမှာ တက္ကသိုလ်ဆက်တက်မယ်ဆိုရင်လည်း အရမ်းကြီး မခက်ခဲ မရှုပ်ထွေးတော့ဘူး။ တခါတလေ ကျွန်တော်တို့ မိဘပြည်သူတွေက သံသယဖြစ်နေတာရှိတယ်ပေါ့။ ဒီကောလိပ်က အစိုးရ အသိအမှတ်မပြုထားတော့ သိပ်ယုံကြည်လို့မရသလိုဖြစ်နေကြတယ်။ ကျွန်တော်တို့ကောလိပ်က ဖြစ်လာတာ မကြာသေးဘူးဆိုတော့ အကုန်လုံးတော့ ဘယ်အဆင်ပြေမလဲ။ ဒါပေမဲ့ ပိုကောင်းအောင် နည်းလမ်းပေါင်းစုံ ကျွန်တော်တို့ကြိုးစားနေတယ်။ MoU လက်မှတ်တွေ ဆက်ထိုးနိုင်အောင် ကြိုးစားနေတယ်။ ဖွဲ့စည်းပုံတွေကောင်းအောင် ကြိုးစားနေတယ်” ဟု နိုင်မြင့်သန်းက ပြောသည်။

    မွန်အမျိုးသားကောလိပ် (MNC) သည် ပြီးခဲ့သည့်နှစ်က ချင်းမိုင်မြို့ရှိ Payap တက္ကသိုလ်၊ အမေရိကန်နိုင်ငံ Fort Wayne မြို့ရှိ Purdue တက္ကသိုလ်တို့နှင့် အဆင့်မြင့်ပညာရေးပူးပေါင်းရေး နားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးထားသည်။

    ၂၀၂၄ ခုနှစ်က မွန်အမျိုးသားကောလိပ် (MNC) မှ ကျောင်းသား၊ ကျောင်းသူ ၉ ဦး Diversity and Inclusion Scholarship Program (DISP) ၏ ထောက်ပံ့မှုဖြင့် Payap University တွင် ပညာသင်ကြားခွင့်ရရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks