မွန်ပြည်နယ်၊ ဘီးလင်းနှင့် ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးထိပြီး အရပ်သားပြည်သူ ၂ ဦး သေဆုံးကာ၊ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ လက်နက်ကြီးတစ်လုံးသည် နတ်ကြီးကျေးရွာ၊ ကွက်သစ်ပိုင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။
စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၅၅ နှစ်အရွယ် ဦးသန်းထွန်းနှင့် တူမဖြစ်သူ အသက် ၂၈ နှစ်အရွယ် မသဲအိစိုးတို့နှစ်ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းပြင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာအနီးရှိ အမျိုးသမီး ၃ ဦးလည်း ကျည်စထိမှန် ဒဏ်ရာများရရှိခဲ့သေးကြောင်း ၎င်းဒေသခံက ဆိုသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်နေ့ကလည်း ကျိုက်ထိုမြို့အခြေစိုက်၊ တပ်မ (၄၄) ဌာနချုပ်မှ တိုက်ပွဲမရှိဘဲ ငှက်ပျောတောကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မှု ဆက်တိုက်ပြုလုပ်ခဲ့သည်။
တပ်မ (၄၄) ဌာနချုပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်တစ်လုံးသည် ငှက်ပျောတောကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ၎င်း၏နေအိမ်လည်း မီးလောင်ပျက်ဆီးခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၁ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တဂေးချောင်းဖျားကျေးရွာတွင် စစ်ကောင်စီတပ်မှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သေးသည်။