spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းစစ်ကောင်စီဘက်က အထိနာနေသည့် အနန်းကွင်းတိုက်ပွဲ လတ်တလော ငြိမ်သက်နေ

    စစ်ကောင်စီဘက်က အထိနာနေသည့် အနန်းကွင်းတိုက်ပွဲ လတ်တလော ငြိမ်သက်နေ

    -

    ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် သံဖြူဇရပ်- ဘုရားသုံးဆူလမ်းပိုင်းရှိ အနန်းကွင်းဗျူဟာစခန်း လက်မလွှတ်ရရေးအတွက် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုအဖွဲ့တို့ကြား နှစ်သစ်ကူးကာလအတွင်း ၄ ရက်ဆက်တိုက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် လက်ရှိတွင် နှစ်ဖက်မြေပြင် စစ်ဆင်ရေး ရပ်ဆိုင်ထားကြောင်း ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့၏ ပြောဆိုချက်အရ သိရသည်။

    အနန်းကွင်းဗျူဟာစခန်းသို့ စစ်ကူပို့ရန်နှင့် လူနာသယ်ရန် ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် KNLA၊ SOF ၊ ပူးပေါင်းအဖွဲ့နှင့် ဒရုန်းအဖွဲ့တို့ကြား ဒီဇင်ဘာ ၃၀ ရက်နေ့မှ ဇန်နဝါရီ ၂ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၄၀ ကျော်သေဆုံးပြီး လက်နက်မျိုးစုံ ၃၀ ကျော် သိမ်းဆည်းခဲ့မိသည်ဟု အထူးစစ်ဆင်ရေးအဖွဲ့ SOF က ထုတ်ပြန်ထားသည်။

    စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများခဲ့သည့်အပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ပါ ၁ ဦးသေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည့် အနန်းကွင်းတိုက်ပွဲသည် လတ်တလောတွင် နှစ်ဖက်စလုံး တပ်ဆုတ်ထားသည့်အခြေအနေရှိနေသည်ဟု အနန်းကွင်းတိုက်ပွဲကို စောင့်ကြည့်လေ့လာနေသူတစ်ဦးက ပြောသည်။

    “နောက်ဆုံးအခြေအနေကတော့ KNLA ဦးစီးတဲ့ တော်လှန်ရေးအင်အားစုတွေက ရွာနဲ့အနီးပတ်ဝန်းကျင်ဒေသတချို့ကို အရင်လိုပဲ စိုးမိုး သိမ်းပိုက်ထားဆဲပါ။ စကစကတော့ အခွင့်ရရင် ရသလို သံဖြူဇရပ်နဲ့ မုဒုံနယ်စပ်ဘက်ကနေ စစ်ကူတွေ အရန်အင်အားတွေ ကြိုကြားကြိုကြား ပို့ဖို့ကြိုးစားနေတယ်။ ဒါပေမဲ့ အခုထိတော့ တဖက်နဲ့တဖက် မြေပြင် ပြင်ဆင်မှုတွေ အသင့်အခြေအနေနဲ့ တပ်တွေ ဆိုင်ထားတာတော့ ရှိတယ်” ဟု ၎င်းက ပြောသည်။

    နှစ်ဖက်မြေပြင်တပ် ဆုတ်ခွာသွားသော်လည်း စစ်ကောင်စီဘက်မှ ဒရုန်းအပြင် လေယာဉ်ဖြင့် နေ့စဉ် ကင်းလှည့်ခြိမ်းခြောက်မှု လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဆိုသည်။

    မွန်နှင့် ကရင်အစပ်ရှိ စစ်ကောင်စီလက်ကျန် အဓိက အချက်အချာကျသည့် အနန်းကွင်းဗျူဟာတပ်စခန်းကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လမှစပြီး ၆ လနီးပါးကြာသည်အထိ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့ ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။

    အနန်းကွင်းဗျူဟာစခန်းကျရေးကို KNLA ဦးဆောင်မှု ဗျူဟာအတိုင်း အချိန်ယူကာ ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု အထူးစစ်ဆင်ရေးအဖွဲ့ SOF မှ တာဝန်ရှိသူတို့က ပြောသည်။

    SOF တာဝန်ခံ ကိုအောင်စံရှားက “ဒီအနန်းကွင်း ဗျူဟာစခန်းက ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အတွက်က ပြောရမယ်ဆိုရင် အင်အားအကြီးဆုံးနဲ့ တစ်ခုတည်းသော ကျန်တဲ့ဗျူဟာ အထိုင်စခန်းလို့ပဲ ပြောရမှာပေါ့နော်။ KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းထားတာများပြီးပေါ့နော် ဒီစခန်းက နောက်ဆုံး လက်ကျန်စခန်းလို့ ပြောလို့ရပါတယ်၊ ဒီစခန်းက အချိန်တော့နည်းနည်းပေးရတယ်။ သို့သော်လည်း KNLA ဦးဆောင်မှု ဗျူဟာအတိုင်း အခုလို အထိခိုက်နည်းတဲ့ပုံစံနဲ့ ရန်သူ့စခန်းကို ဆက်သိမ်းရမယ်” ဟု ပြောသည်။

    တိုက်ပွဲကြောင့် အနန်းကွင်း၊ လွတ်ရှမ်း၊ တညင် ကျေးရွာတို့မှ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း တိမ်းရှောင်နေရသည့် ၆ လတာအတွင်း ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများအတွက် အစားအသောက်နှင့် ဆေးဝါး အရေးပေါ် အကူအညီလိုအပ်နေသည်ဟု သိရသည်။

    စားဝတ်နေရေး ခက်ခဲကြပ်တည်းလာသည့် စစ်ဘေးရှောင်များ တိုက်ပွဲဖြစ်ပွားရာ နေရာအနီးတစ်ဝိုက်တွင် ခြံလုပ်ငန်း ဝင်ရောက်လုပ်ကိုင်လျှက်ပြီး မြေမြှပ်မိုင်းအန္တရာယ် စိုးရိမ်ရကြောင်း စစ်ဘေးရှောင်အရေး ကူညီနေသူတို့က ဆိုသည်။

    အနန်းကွင်းကျေးရွာရှိ စစ်ကောင်စီဗျူဟာတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် သြဂုတ်လလယ်ခန့်မှစ၍ ရေး-သံဖြူဇရပ်ကားလမ်း အရှေ့ဘက် ရဲတံခွန်ကျေးရွာဘက်တွင် မြေမြှပ်မိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးထက်မနည်းရှိခဲ့ကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks