မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျုံလောင်းရွာအနီးတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တို့အကြား ယနေ့အထိ တိုက်ပွဲဆက်ဖြစ်ပွားလျက်ရှိရာ ဒေသခံပြည်သူ ၆၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။
နှစ်ဖက်တိုက်ပွဲအတွင်း ရေးမြို့အခြေစိုက် စစ်ကောင်စီ အမြှောက်တပ်မှ လက်နက်ကြီးပစ်ခတ်မှုအပါအဝင် လေကြောင်းဖြင့်ပါ တိုက်ခိုက်နေသည့်အတွက် ကျုံလောင်း၊ ကျောက်မိချောင်း၊ ဝယ်ပေါင်နှင့် ဝယ်ဇင်ကျေးရွာ (၄) ရွာမှ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။
၎င်းတို့သည် မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေဖြစ်သည့် ဓမ္မပါလကျေးရွာဘက်သို့ ထွက်ပြေးခိုလှုံနေကြရပြီး အမျိုးသမီး၊ ကလေးငယ် အများအပြားပါဝင်သည်ဟု သိရသည်။
“လောလောဆယ်က သူတို့ (စစ်ဘေးရှောင်) အတွက် လိုအပ်နေတာက အခင်းတွေ၊ စောင်တွေနဲ့ စားနပ်ရိက္ခာတွေပေါ့” ဟု မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင် တာဝန်ရှိသူတစ်ဦးက ပြောပြသည်။
နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသေးသည့် ဇန်နဝါရီ ၈ ရက်နေ့ကတည်းက ရေး – ရေးချောင်းဖျား လမ်းပိုင်းကို စစ်ကောင်စီက ပိတ်ဆို့လိုက်သည့်အတွက် ကုန်ပစ္စည်း သယ်ဆောင်မှုများ ရပ်တန့်နေခဲ့သည်။
လက်ရှိအခြေအနေအရ ရေး – ရေးချောင်းဖျားကားလမ်းပေါ်တွင် တည်ရှိနေသည့် ဓမ္မိကာရုံ ဘိုကလေးတောရကျောင်းတိုက် အနီးတဝိုက်နှင့် အိုင်ပုတ်ကျေးရွာတို့၌ စစ်ကောင်စီတပ်ဘက်က အင်းအားအများအပြားဖြင့် တပ်စွဲထားသည်ဟု သိရသည်။
“နှစ်ဖက်စလုံးက တပ်အင်အားတွေ ထပ်ဖြည့်နေကြတဲ့အနေအထားမှာ တွေ့ရတယ်၊ ဆိုတော့ ဒီပွဲက လွယ်လွယ်နဲ့ ပြီးသွားမယ်လို့ မထင်ဘူး၊ နောက် စစ်ကောင်စီတပ်ဘက်ကို ကြည့်ရင် ဒီနေ့အထိ ရှေ့တိုးလာတာမျိုး မတွေ့ရသေးဘူး၊ ခုခံစစ်နဲ့ပဲ သွားနေတယ်” ဟု ဒေသတွင်း စစ်ရေးအကဲခတ်နေသူတစ်ဦးက ပြောသည်။
ရေးချောင်းဖျားဒေသ ကျုံလောင်းရွာဘက်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်လာသည့်သတင်းကြောင့် ဇန်နဝါရီလ ၈ ရက်နေ့ကတည်းက ရေးမြို့ အခြေစိုက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်နေသည့်အပြင် စစ်ကြောင်းများပါ ဝင်ရောက်နေရာယူခဲ့သည်။
ထိုနောက် ဇန်နဝါရီလ ၉ ရက်နေ့က စတင်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယနေ့ (ဇန်နဝါရီလ ၁၂) ဆို ၄ ရက်အထိ ပြည့်မြောက်လာပြီဖြစ်သည်။