spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းဆိုက်ဘာလုံခြုံရေးဥပဒေကို အသုံးချပြီး ဖိနှိပ်မှု လုပ်ဆောင်လာမည့်အပေါ် ပြည်သူများ သတိရှိရန်လို

    ဆိုက်ဘာလုံခြုံရေးဥပဒေကို အသုံးချပြီး ဖိနှိပ်မှု လုပ်ဆောင်လာမည့်အပေါ် ပြည်သူများ သတိရှိရန်လို

    -

    အာဏာသိမ်းစစ်ကောင်စီက ပြည်သူတို့၏ လွတ်လပ်စွာအင်တာနက်အသုံးပြုခွင့်ကို ထိန်းချုပ်ရန်အတွက် ပြဌာန်းလိုက်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို အသုံးချပြီး ပြည်သူများအပေါ် ယခင်ကထက် ဖိနှိပ်မှု ပိုမိုလုပ်ဆောင်လာနိုင်သည်ဟု နည်းပညာကျွမ်းကျင်သူတို့က သတိပေးပြောဆိုသည်။

    စစ်အာဏာသိမ်း ၂၀၂၁ ခုနှစ်က စတင်ပြင်ဆင်ရေးဆွဲလာခဲ့သည့် အခန်း (၁၆) ခန်း၊ ပုဒ်မ (၈၈) ခု ပါဝင်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို စစ်ကောင်စီက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က တရားဝင်ပြဌာန်းခဲ့သည်။

    ဥပဒေတွင် အင်တာနက်နှင့် ဒစ်ဂျယ်တယ်သုံးစွဲသူများကို စစ်ကောင်စီမှ စောင့်ကြည့်ခြင်း၊ ကိုယ်ရေးအချက်လက်မှတ်တမ်းယူခြင်၊ VPN သုံးစွဲသူများကို ထောင်ဒဏ် တစ်လမှ ခြောက်လအထိ ငွေဒဏ် ကျပ် ၁၀ သိန်းမှ သိန်း ၁၀၀ အထိ ချမှတ်နိုင်သည်ကို ပြဌာန်းထားသည့်အပြင် ဥပဒေတွင်ပါရှိသည့် မရှင်းလင်းသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များကို အမျိုးမျိုးခေါင်းစဉ်တပ်ပြီး စစ်ကောင်စီက ဖမ်းဆီးမှု ပြုလုပ်လာနိုင်ကြောင်း နည်းပညာကျွမ်းကျင်သူ မွန်လူငယ်တစ်ဦးက ဆိုသည်။

    “ဒီဥပဒေနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေအနေနဲ့ သွားလာတဲ့အခါမှာ သတိများများထားစေချင်ပါတယ်။ ဖြစ်လာပြီးဆိုရင် အမှုတစ်ခုကနေ အခြားအမှု သုံး၊ လေးခုနဲ့ သူတို့တွဲပြီး လုပ်နိုင်တယ်။ ဥပမာ ဆိုင်ကယ်အမှုဖမ်းရင်း VPN ပါလိုက်စစ်တာ။ ဒါကြောင့် ကိုယ့်ကို ကာကွယ်နိုင်သလောက် ကာကွယ်စေချင်တယ်။ သွားလာတဲ့အချိန် VPN ကို ဖျက်ရင် ဖျက်၊ မဖျက်ဘူးဆိုရင် ဝှက်ထား” ဟု အထက်ပါ မွန်လူငယ်က ပြောသည်။

    ၎င်းပြင် ဆိုက်ဘာဥပဒေ နောက်ဆက်တွဲအနေဖြင့် အွန်လိုင်းစီးပွားလုပ်ကိုင်သူများ၏ လုပ်ငန်းဆိုင်ရာ အချက်အလက်များ ထိန်းသိမ်ရန် ခက်ခဲလာခြင်း၊ ဆက်သွယ်ရေး ပိုမိုခက်ခဲစေခြင်းတို့ကို ရင်ဆိုင်လာရနိုင်ကြောင်း ဆက်ပြောသည်။

    စစ်ကောင်စီက ၄င်းတို့ လက်လွှတ်ဆုံးရှုံးရသည့် နယ်မြေ များလာသည်နှင့်အမျှ သတင်းအမှန် စီးဆင်းမှုကို ကြိုးစားပိတ်ပင်လာနေသည်ဟုလည်း ဆိုကြသည်။

    ယခုပြဌာန်းလိုက်သည့် ဆိုက်ဘာလုံခြုံရေးဥပဒေသည် သတင်းအမှန်စီးဆင်းမှုကိုနှောင့်နှေးစေရုံသာမက ပြည်တွင်း၊ ပြည်ပ ပြည်သူလူထုတစ်ဦးချင်းစီ၏ နေ့စဉ် လူနေမှု၊ စီးပွားရေးဘဝကို ဆုတ်ယုတ်သွားနိုင်သည်ဟု အသံအဖွဲ့က ကျင်းပသည့် စစ်ကောင်စီဆိုက်ဘာလုံခြုံရေးဆိုင်ရာဆွေးနွေးပွဲတွင် နော်ဝါးဖော (The Red Flag) က ပြောဆိုထားသည်။

    “ပြည်သူတွေရဲ့ဘဝက လုံခြုံရေး၊ သတင်းအမှန်ရရှိရေးအပြင်ကို စီးပွားရေးနဲ့ ပတ်သက်တဲ့အကြောင်းတွေ ပြည်သူတွေ ဆီရောက်ဖို့ခက်ခဲလာမယ်။ နောက် ရွှေ့ပြောင်းမိသားစုတွေက မိသားစုအချင်းချင်းအဆက်သွယ်ရဖို့ မရတော့ဘူးဆိုရင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ရှိလာနိုင်တယ်။ အဲ့ကြောင့် ပြည်သူတွေက အွန်လိုင်းကို သုံးပြီး စီးပွားရေးလုပ်နိုင်ဖို့အစား သတင်းအချက်လက်ကလေးတောင် ရဖို့မလွယ်တော့တဲ့အခြေနေမျိုးကြုံနေရတော့မယ်။ အခုဥပဒေမှာ အွန်လိုင်းစီးပွားရေးကအစ မှတ်ပုံတင်ရတာမျိုးဆိုတော့ အိမ်ရှင်မတွေလုပ်နေတဲ့ အသေးစား အွန်လိုင်းစီးပွားရေးလုပ်ငန်းတွေကို သတ်လိုက်သလိုဖြစ်သွားတယ်” ဟု နော်ဝါးဖောက ပြောသည်။

    စစ်ကောင်စီ၏ အဘက်ဘက်က ဖိနှိပ်မှုကို ခံနေရသည့် ပြည်သူတို့အတွက် ဘက်ပေါင်းစုံက သတင်းအမှန် ရရှိရန်၊ ထုတ်ဖော်ပြောခွင့် ရှိလာစေရန် တော်လှန်ရေးအင်အားစုနှင့် အရပ်ဖက်လူ့အဖွဲ့စည်းတို့က ဝိုင်းဝန်းဖြေရှင်းရန်လိုအပ်ကြောင်းလည်း တိုက်တွန်းထားသည်။

    ဆိုက်ဘာလုံခြုံရေးဥပဒေ မထုတ်ပြန်ခင်ကတည်းကပင် စစ်ကောင်စီက အင်တာနက်သုံးစွဲခွင့်ကို ကန့်သတ်လျက်ရှိပြီး မြန်မာအင်တာနက်ပရောဂျက်(MIP)က စုဆောင်းထားသည့် အချက်အလက်များအရ ၂၀၂၄ ခုနှစ်အတွင်း နိုင်ငံတစ်ဝှမ်း အင်တာနက်ဖြတ်တောက်မှု အကြိမ်ပေါင်း ၁၃၀ ကျော် ကြုံတွေ့ခဲ့ရသည်ဟု ဆိုထားသည်။

    ၂၀၂၁ ခုနှစ် အာဏာသိမ်းနောက်ပိုင်းကာလတွင် ပြည်သူများ မိမိ၏ ခံယူချက်နှင့် ယုံကြည်မှုများကို လွတ်လပ်စွာပြောဆိုခွင့်အခြေနေမှာ အတိအကျပင် ဆိတ်သုဉ်းသွားခဲ့ပြီး ၂၀၂၄ ခုနှစ် အောက်တိုဘာလအထိ အွန်လိုင်းတွင် ဝေဖန်သောကြောင့် စစ်ကောင်စီသည် အမျိုးသမီး ၆၅၇ ဦးအပါဝင် လူပေါင်း ၁,၈၄၀ ဦး ဖမ်းဆီးထားကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။

    ၂၀၂၅ နှစ်ဆန်းပိုင်းတွင်လည်း မွန်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့တွင် စစ်ကောင်စီက စစ်ဆေးမေးမြန်မှု ပြုလုပ်လျက်ရှိပြီး ခရီးသွားလာသူများ၏ လက်ကိုင်ဖုန်းကို အဓိက စစ်ဆေးလာကြောင်းလည်း ခရီးသွားလာသူတို့ထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks