ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလလယ်ပိုင်းတွင် မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့တို့က တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေးကို အကောင်အထည်ဖော်ရန် သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။
အဆိုပါ မွန်တပ်တော် ပေါ်ထွန်းလာရေး သဘောတူညီချက်ကို ကြိုဆိုကြောင်း၊ စုစုစည်းစည်းဖြင့် လှုပ်ရှားပါက ပို၍ ကြီးမားသော အောင်မြင်မှုများ ရရှိလာမည်ဟု မြင်မိကြောင်း မွန်လူငယ်တစ်ဦးက ပြောသည်။
“စုစုစည်းစည်းနဲ့ လုပ်ရှားမယ်ဆိုရင် ပိုပြီး ကြီးမားတဲ့ အောင်မြင်မှုတွေ ရပြီး စခန်းသိမ်းရာကနေ မြို့ပါ သိမ်းနိုင်တဲ့အထိ ပိုပီးအင်အားကြီးလာမယ်လို့ ထင်တယ်။ တစ်ဆက်တည်း စစ်ရေးပူးတွဲလှုပ်ရှားမှုကနေ စပြီး တစ်ဆင့် မွန်တပ်တွေမှာ တစ်ခုတည်းသော chain of command ဖြစ်လာဖို့ မွန်တပ်ပေါင်းစု ပေါ်လာဖို့ မျှော်လင့်တယ်” ဟု ပြောသည်။
မွန်ပြည် လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (MNLA-AD)၊ မွန်ပြည် ကာကွယ်ရေးတပ် (MSDF) နှင့် မွန်ပြည် တော်လှန်ရေးတပ် (MSRF) တို့အနေဖြင့် ပူးတွဲ စစ်ရေး လှုပ်ရှားမှုများ ပြုလုပ်ရန် သဘောတူ ဆုံးဖြတ်ခဲ့ကြပြီး မွန်တော်လှန်ရေးတပ်များအားလုံး ပါဝင်သည့် တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေးကို အကောင်အထည်ဖော်ရန် သဘောတူ ဆုံးဖြတ်ထားကြသည်။
မွန်တပ်ဖွဲ့ ၄ ဖွဲ့သာမက မွန်ဒေသတွင်းရှိ တော်လှန်ရေးအဖွဲ့အစည်းများ စုပေါင်း၍ တိုက်ပွဲဝင်မည်ဆိုပါက စစ်ရေးအခြေအနေ ပြောင်းလဲလာမည်ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။
“ပူတွဲစစ်ဆင်ရေးက မွန် ၄ ဖွဲ့ပေါင်းမှ မဟုတ်ပါဘူး။ အခြားသော တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးက တစ်စုတစ်စည်းထဲ မွန်ပြည်နယ်မှာ ပေါင်းစည်းပြီးတော့ ချင်းဒေသမှာလိုမျိုး၊ ကရင်နီဒေသမှာမျိုးလို အားလုံးအတူတကွ စုပေါင်းပြီးတော့ တိုက်ပွဲဝင်မယ်ဆိုလို့ရှိရင် ကျနော်တို့ မွန်ဒေသမှာရော ဗမာနိုင်ငံ တစ်နိုင်ငံလုံးရဲ့ စစ်ရေးအခြေအနေက အပြောင်းလဲကြီး ပြောင်းလဲသွားမယ်၊ ကြီးမားတဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်နိုင်မယ်လို့ ကျနော်အနေနဲ့ မြင်ပါတယ်ခင်ဗျ” ဟု နိုင်နဂါးက ပြောသည်။
မွန်ဒေသတွင် လက်နက်ကိုင်တပ်ဖွဲ့ အများအပြား ရှိသော်လည်း အခြားသော တိုင်းဒေသကြီး နှင့် ပြည်နယ်များကဲ့သို့ မြို့သိမ်းတိုက်ပွဲ မဖော်ဆောင်နိုင်ခြင်းက စုစည်းမှု အားနည်းနေသေး၍ ဖြစ်ကြောင်း နိုင်ငံရေး သုံးသပ်သူတစ်ဦးက ထောက်ပြသည်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD အပါအဝင် မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့တို့၏ တော်လှန်ရေးလှုပ်ရှားမှုသည် မွန်ဒေသတွင် ပိုမိုအားကောင်းလာမည်ဟု မျှော်လင့်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောသည်။
“မွန်ဒေသက ငြိမ်းချမ်းရေး အရိပ်အာဝါသအောက်မှာ နေတာ ကြာတဲ့အခါ အေးစက်နေတာ ကြာပါပြီ။ အဲဒီအထဲမှာ ထူးခြားတာက မွန်လူငယ်တွေက အရင်တုန်းက မွန်ပြည်သစ်ပါတီလူကြီးဟောင်းတွေရဲ့ ငြိမ်းချမ်းရေးနဲ့ စစ်ကောင်စီနဲ့ အပေးအယူ လုပ်နေတာတွေကို လက်မခံနိုင်တဲ့အခါမှာ သီးခြားခွဲပြီး ထောင်တာပေါ့ဗျာ၊ မွန်ပြည်သစ်ပါတီတော့ မွန်ပြည်သစ်ပါတီ သို့သော် မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးဆိုပြီးတော့ တပ်ဖွဲ့ထောင်တာပေါ့။ အခုကတော့ အဲဒီတပ်ဖွဲ့ကနေပြီးတော့ ကျန်တဲ့ လူငယ်အဖွဲ့အစည်း ၃ ဖွဲ့ဟာ သူတို့နဲ့ ပူးပေါင်းပြီးတဲ့အတွက် မွန်ပြည်သစ်ပါတီရဲ့ တော်လှန်ရေး လှုပ်ရှားမှုဟာ ပိုပြီးအားကောင်းလာမယ့် အခြေအနေရှိပါတယ်။ အဲဒါကြောင့် မွန်ဒေသမှာလည်း တော်လှန်ရေး လှုပ်ရှားမှုတွေ အရင်ထက် ပိုပြီးတော့ အားကောင်းမောင်းသန် ဖြစ်လာလိမ့်မယ်လို့ ကျနော်တို့တော့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ အနေအထားအရ စခန်းသိမ်း/မြို့သိမ်းတိုက်ပွဲများ မဖော်ဆောင်နိုင်သေးသော်လည်း မွန်တပ်အချင်းချင်း ညီညွတ်ရေးတည်ဆောက်ရန် လမ်းစရသွားသည့်အတွက် နောက်ပိုင်းတွင် မွန်တော်လှန်ရေးအားကောင်းလာရန် ရှိကြောင်း အရပ်ဖက်အဖွဲ့အစည်းတွင် တာဝန်ထမ်းဆောင်နေသည့် မွန်လူငယ်တစ်ဦးက ပြောသည်။
“မွန်တပ် (၄) ဖွဲ့ ပူးတွဲစစ်ရေးလှုပ်ရှားတဲ့အပေါ် မွန်ပြည်သူတဦးအနေနဲ့ ကြိုဆိုပေမယ့် မွန်ဒေသမှာ စစ်ရေးအပြောင်းအလဲဖြစ်လောက်တဲ့အထိ အရမ်းကြီး မျှော်လင့်လို့ မရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဖွဲ့အားလုံးပေါင်းမှ အင်အားက နဲနဲပဲရှိတယ်။ တချို့အဖွဲ့ဆို ရာဂဏန်းတောင်မပြည့်ဘူး။ ခုလည်း တပ်ပေါင်းစုအသွင် ပူးပေါင်းတာမဟုတ်သေးဘဲ စစ်ရေးလှုပ်ရှားဖို့ တပ်တခုချင်းစီကနေ တပ်စိတ်တခုလား တပ်စုတခုလား အဲလောက်ပဲ အင်အားအနည်းငယ် ဖဲ့ထုတ်ပြီး ပူးတွဲစစ်ဆင်ရေး ပြုလုပ်သွားဖို့ပေါ့လေ၊ အဲလိုရှိမယ် ထင်ပါတယ်။ မွန်တပ်တွေမှာ အဆင့်မြင့်နည်းပညာအပိုင်းရော နောက်ပြီး စခန်းသိမ်း/မြို့သိမ်းဖို့ စစ်ရေးအတွေ့အကြုံလည်း မရှိသေးဘူး။ အင်မတန် အားနည်းနေသေးတယ်” ဟု ၎င်းက ပြောသည်။
မွန်လက်နက်ကိုင်တပ်ဖွဲ့ ၄ ဖွဲ့ ပူးတွဲ စစ်ရေးလှုပ်ရှားမှုများ ဖော်ဆောင်ရန် ကြိုးပမ်းနေသော်လည်း ပူးပေါင်းရန် ကျန်ရှိနေသေးသည့် မွန်လက်နက်ကိုင်ဖွဲ့များအပြင် တော်လှန်ရေးအင်အားစုအချို့လည်း ရှိနေသေးသည်။
လက်ရှိတွင် မွန်တပ်ဖွဲ့ ၄ ဖွဲ့လုံး ပါဝင်သည့် ပူးတွဲ စစ်ဆင်ရေးများ မဖော်ဆောင်နိုင်သေးကြောင်း MSRF မှ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြောသည်။
“မွန်တပ်ဖွဲ့ ၄ ဖွဲ့လုံးပါတဲ့ ပူးတွဲစစ်ကြောင်း၊ ပူးတွဲ စစ်ဆင်ရေးတွေ ဒီနေ့မှာတော့ မလုပ်နိုင်သေးပါဘူး။ ဆွေးနွေးမှုတွေ ညှိနှိုင်းမှုတွေ ပြင်ဆင်မှုတွေ လုပ်နေတာတော့ ရှိတယ်။ ၄ ဖွဲ့လုံး မဟုတ်ပေမယ့် နှစ်ဖွဲ့သော်လည်းကောင်း ၃ ဖွဲ့သော်လည်းကောင်း ပေါင်းစုပြီးတော့ အခြားသော တော်လှန်ရေး အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး စစ်ဆင်ရေးတွေ စစ်ရေးလှုပ်ရှားမှုတွေ လုပ်နေတာတော့ ရှိတယ်။ အတူသွားနေကြတာတွေလည်း ရှိတာပေါ့နော်” ဟု ပြောသည်။
လက်ရှိတွင် မွန်လက်နက်ကိုင်တပ်ဖွဲ့များသည် တော်လှန်ရေး အင်အားစုများနှင့် ပူးတွဲကာ စစ်ကောင်စီ၏ တပ်စခန်းများကို တိုက်ခိုက်လျက်ရှိနေသည်။
မွန်တပ်ဖွဲ့များအနေဖြင့် မွန်ပြည်သူအပေါ်ထားသည့် စေတနာနှင့် အကျိုးပြုလိုစိတ်က တူညီသော်လည်း အဖွဲ့အစည်းများပြားနေခြင်းကြောင့် မွန်လူထုများ ထောက်ခံအားပေးရန် တွေဝေနေကြောင်း မွန်လူငယ်တစ်ဦးက ဆိုသည်။
“ကျနော်မြင်သလောက် အခုဖြစ်နေတာက မွန်ပြည်သူတွေ မွန်တပ်အပေါ် မယုံကြည်ရခြင်း အကြောင်းအရင်းမှာ တချို့တပ်တွေက ပြတ်သားတဲ့ လမ်းစဉ်တိတိကျကျ မရှိတာရယ်၊ နောက်တစ်ခုကတော့ မွန်တပ်တွေ များနေတာကြောင့် ဘယ်တပ်ကို ထောက်ခံရမှန်း မသိဘဲ တွေဝေနေတာလည်း ရှိတယ်ပေါ့လေ၊ အဲဒါကြောင့် ဒီလမ်းစဉ်မတူတဲ့ မွန်တပ်တွေက ပေါင်းကြပြီး ပူးတွဲ စစ်ဆင်ရေး လုပ်ကြမယ်ဆိုရင် နဂိုကတည်းက ထောက်ခံဖို့ စောင့်နေတဲ့ မွန်လူထုတွေရဲ့ ထောက်ခံမှုကို ရမှာ ဖြစ်သလို ဒီထက်လည်း တိုက်ပွဲတွေ အများကြီး ဖော်ဆောင်နိုင်ပြီး အောင်မြင်မှုတွေ အများကြီး ရလိမ့်မယ်လို့ မျှော်လင့်ရတာပဲ” ဟု ပြောသည်။
မွန်တော်လှန်ရေးတပ်ဖွဲ့ ၄ ဖွဲ့မှ တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းလာရေးကို အကောင်အထည်ဖော်နေခြင်းအား မွန်လူထုနှင့် မွန်လူငယ်များက ထောက်ခံကြိုဆိုသလို မွန်ဒေသတွင် ကြီးမားသော စစ်ရေး အပြောင်းအလဲ ဖြစ်လာလိမ့်မယ်ဟု မျှော်လင့်နေသည်။